တရုတ်နဂါးလှေပြိုင်ပွဲတော် (သို့မဟုတ်) ကောက်ညှင်းထုပ်ပွဲတော်

2016-06-22 16:52:48 |သတင်းအရင်းအမြစ် 德宏缅文网

တရုတ်နဂါးလှေပြိုင်ပွဲတော် (သို့မဟုတ်) ကောက်ညှင်းထုပ်ပွဲတော်ကို နှစ်စဉ် တရုတ်သက္ကရာဇ် ငါးလ ငါးရက်နေ့တွင် ကမ္ဘာ့နိုင်ငံနှင့် ဒေသအသီးသီးတွင် ကျင်းပပြုလုပ်လေ့ရှိကြပါသည်။ ထို့နေ့ကို တရုတ်အခေါ် တွမ်းဝူကျယ်၊ တွမ်းရန်ကျယ်၊ ၀ူရွဲ့ကျယ်၊လုံကျိုးကျယ်ဟုလည်းခေါ်ဆိုကြပါသည်။ ပွဲတော်ဖြစ်ပေါ်လာပုံကို သမိုင်းမှတ်တမ်းတွင် အမျိုးမျိုးရေးသားဖော်ပြကြသည်မှာ ထိုနေ့သည် Chunqiu စစ်မက်ကာလ မတိုင်မီအချိန်က နဂါးTotem များကို ကိုးကွယ်ယုံကြည်သော အမျိုး အနွယ်အုပ်စုတို့၏ ၀တ်ပြု ဆုတောင်းပွဲပြုလုပ်သည့်နေ့မြတ် ဖြစ်ပါသည်။ ထိုနေ့တွင် ရောဂါ ဘေး ဘယကင်းဝေးစေရန်နှင့် သုခချမ်းသာကျန်းမာစေရန် ဆုတောင်းကြကြောင်း သိရသည်။ နောက် သမိုင်းဒဏ္ဍာရီမှတ်တမ်းတွင် ဖော်ပြထားသည်မှာ တရုတ် ခုနှစ်ပြည်ထောင်ခေတ်ကာလအချိန်တွင် ချူမင်းဆက်နိုင်ငံမှ မျိုးချစ်ကဗျာဆရာကြီး အမတ်ကြီး ချွီယွမ်သည် တိုင်းတစ်ပါးလက်သို့ မိမိ တိုင်းပြည် ကျရှုံးသွားကြောင်း ကြားသိရသောအခါ မခံရပ်နိုင်ကာ ထိုနေ့တွင် မီလောမြစ်အတွင်းသို့ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ မိမိတိုင်းပြည်ကို အသက်တမျှ ချစ်မြတ်နိုးသော မျိုးချစ် ကဗျာဆရာကြီး အမတ်ကြီးချွီယွမ်ကို အောက်မေ့သတိရခြင်းနှင့် တရုတ်လူမျိုးတို့၏ မြင့်မြတ် သော ခံစားချက်ဖော်ဆောင်သည့် ပွဲတော်နေ့မြတ်တစ်ခုဖြစ်သည်ဟု ဖော်ပြထားပါသည်။

  ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂယူနစ်စကိုအဖွဲ့အစည်းမှ တရုတ်နဂါး လှေပြိုင် ပွဲတော်ကို ကမ္ဘာ့သိမ်မွေ့နက်နဲသော ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အဖြစ် စာရင်းသွင်း အသိအ မှတ်ပြုခဲ့ရာ တရုတ်နိုင်ငံ၏ ပထမဦးဆုံး ရွေးချယ်ခြင်းခံရသော ကမ္ဘာ့သိမ်မွေ့နက်နဲသော ယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်ကာလတွင် တရုတ်နဂါး လှေပြိုင် ပွဲတော် သည် တရုတ်နိုင်ငံ တွင် သာမက ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်စသည့် နိုင်ငံနှင့် ဒေသများတွင် လည်း ကျင်းပကြကြောင်း သိရပါသည်။

  တရုတ်နဂါးလှေပြိုင်ပွဲတော် (သို့မဟုတ်) ကောက်ညှင်းထုပ်ပွဲတော်ချိန်အခါတွင် ကောက်ညှင်း ထုပ်စားခြင်း၊ နဂါးလှေပြိုင်ခြင်း၊ ဒေါနပန်း၊တရုတ်ချန်းဖူပန်းများ ချိတ်ဆွဲခြင်း၊ ဆေးဒါန်းနီအရက် သောက်သုံးခြင်း ဓလေ့ထုံးစံများရှိပါသည်။ ၄င်းတို့အနက် အများဆုံးတွေ့ရသည်မှာ ကောက်ညှင်း ထုပ်စားခြင်း၊ နဂါးလှေပြိုင်ခြင်းများ ဖြစ်ပါသည်။

  နဂါးလှေပြိုင်ပွဲတော်နေ့တွင် ကောက်ညှင်းထုပ်စားသည့်ဓလေ့မှာ ကာလရှည်ကြာပြီဖြစ်ကာ ကောက်ညှင်းထုပ်သည် အရသာ ပြည့်စုံစွာ ရောစပ်ထားသောကောက်ညှင်းများကို ၀ါးရွက်၊ ကျူပင်ရွက်၊ တံမြက်စည်းရွက်များဖြင့် တြိဂံ၊စတုဂံပုံစံ လှပစွာ ထုပ်ပိုးပြုလုပ်ကြပါသည်။ အရသာ နှင့်ထုပ်ပိုးမှုစတိုင်အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိကြကာ ပွဲတော်နေ့မတိုင်မီ တစ်ရက်အလို ညပိုင်းတွင် ပြုလုပ်လေ့ရှိပြီး ပွဲတော်နေ့ မနက်ပိုင်းတွင် စားသုံးကြပါသည်။

  နဂါးလှေပြိုင်ပွဲသည် ထိုနေ့တွင် အဓိကပြုလုပ်သည့် ရိုးရာဓလေ့တစ်ခုဖြစ်သည်။ မျိုးချစ်ကဗျာ ဆရာကြီး အမတ်ကြီး ချွီယွမ်ကို မီလောမြစ်အတွင်းမှ ကယ်တင်ရန်အလို့ငှာ လူအများသည် လှေ များဖြင့် အလုအယက်သွားရောက်ကယ်ဆယ်ရန် ကြိုးစားခဲ့ကြသည်။ ထိုသို့ လှေလှော်ခြင်းဖြင့် ငါးများကို အစုကွဲစေကာ အမတ်ကြီးချွီယွမ်ခန္ဓာကိုယ်ကို မစားစေရန် ဖြစ်သည်။ နောင်တွင် ငါးလ ငါးရက်နေ့သည် မျိုးချစ်ကဗျာဆရာကြီးကို အောက်မေ့သတိရခြင်းများဖြင့် လှေလှော်ပြိုင်ပွဲများ ကျင်းပလာခဲ့ကြသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်ပါသည်။