တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်သည့် ၆၇ နှစ်မြောက် အထိမ်းအမှတ် တရုတ်-မြန်မာ နှစ

2016-09-27 09:35:34 |သတင်းအရင်းအမြစ် 新华网

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်သည့် ၆၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပန်းချီဆရာများ ကွင်းဆင်း ရေးဆွဲထားသော ပန်းချီလက်ရာများ ပထမ အကြိမ် ပြပွဲအား ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ (MICC 2)၌ ပြသခဲ့သည်။

ပြပွဲ အခမ်းအနားအား ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံ ပန်းချီဆရာများ ကွင်းဆင်း ရေးဆွဲထားသော နှစ်နိုင်ငံ တောတောင် ရေမြေ သဘာဝ အလှတရားများနှင့် လူနေမှု ပုံစံများအား ဖော်ကျူး ပြသထားသည့် ပန်းချီကားများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ယခု ပြပွဲအား “အကြေအညာ စီးဆင်းလာ တရုတ်-မြန်မာ ရေမြေတစ်လွှာ” ဟု အမည်ပေးထားပြီး တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပန်းချီ ပညာရှင် ၁၈ ဦးတို့က မြန်မာနိုင်ငံရှိ ရန်ကုန် ၊ ပုဂံ ၊ တောင်ကြီးမြို့ နှင့် တရုတ်နိုင်ငံ ပေကျင်း ၊ ရှန်ရှီး ၊ ကူမင်းမြို့များသို့ ကွင်းဆင်း သွားရောက် ရေးဆွဲထားသည့် ပန်းချီလက်ရာပေါင်း ၆၂ ကားကို စုစည်း ပြသထားရှိသည်။“အကြေအညာ စီးဆင်းလာ တရုတ်-မြန်မာ ရေမြေတစ်လွှာ” ပန်းချီပြပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး နှင့် မြန်မာ နိုင်ငံသာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ပန်းချီ ပညာရှင်များမှာ တရုတ်နိုင်ငံ ပေကျင်း ပန်းချီ အကယ်ဒမီ ၊ မြန်မာနိုင်ငံ ရန်ကုန် အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် နှင့် မန္တလေး အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် စသည့် တက္ကသိုလ်များမှ ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ ပိုင်ဆိုင်ထားသည့် လှပသာယာသည့် တောတောင် မြစ်ချောင်းများမှာ နှစ်နိုင်ငံ ပြည်သူများ အကြား အစဉ်အလာ နက်ရှိုင်းသည့် ပေါက်ဖော် သံယောဇဉ်ကို ဖြစ်ပေါ်စေသည့် အပြင် နှစ်နိုင်ငံ အစဉ်အဆက် လက်ဆင့်ကမ်း လာခဲ့သော ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်သည့် ဆက်ဆံရေးကို အဆက်မပြတ် တိုးတက် ဖြစ်ထွန်း လာစေရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)