ဘာသာစကားသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ကောင်းစွာ တိုးမြှင့်နိုင်

2017-02-28 11:51:38 |သတင်းအရင်းအမြစ် 新华网






နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဘာသာစကားနှင့်ဆက်ဆံဖလှယ်ခြင်းဖြင့်တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေးကို ကောင်းစွာ တိုးမြှင့်နိုင်မည်ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာ ချန်းချန် (Mr. Chen Chen)  နေပြည်တော်  ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ  ဌာချုပ်တွင် ယနေ့ ညနေပိုင်း ပြုလုပ်သည့် တရုတ်ဘာသာစကား သင်တန်း ဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

“ဘာသာစကားဟာ လူသားတို့ အကြား ကူးလူး ဆက်ဆံတဲ့ ပေါင်းကူး တံတား ဖြစ်ပါတယ်၊ ဘာသာစကားနဲ့  ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးပြီးဖြစ်တဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို တိုးမြှင့်နိုင်ပြီး နှစ်ဦး နှစ်ဘက်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေပါတယ်၊ တရုတ်ဘာသာစကားဟာ ကုလသမဂ္ဂရဲ့လုပ်ငန်းသုံး ဘာသာစကားတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အသုံးပြုသူ ဦးရေ အများဆုံးလည်း ဖြစ်ပါတယ်၊ တစ်ကမ္ဘာလုံးမှာ လူဦးရေ နှစ်ဘီလျံ နီးပါး လောက်က တရုတ်ဘာသာစကားကို အသုံးပြုပါတယ်၊ တရုတ်နိုင်ငံ ဖွံ့ ဖြိုး တိုးတက်တဲ့ အလျောက် တရုတ်ဘာသာစကားကို သင်ယူသူလည်း ပိုမို များပြားလာပါတယ်၊ ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံ အတော်များများမှာ တရုတ်ဘာသာစကားကို အခြေခံပညာရေးမှာ မဖြစ်မနေ သင်ယူရမယ့် နိုင်ငံခြား ဘာသာစကား အဖြစ် သင်ခန်းစာထဲ ထည့်သွင်းထားပါတယ်” ဟု တရုတ် သံမှူးကြီးက ပြောခဲ့သည်။

လက်ရှိအခြေအနေတွင် နှစ်စဉ်ထောင်ချီသော မြန်မာနိုင်ငံသား များတရုတ်နိုင်ငံသို့ သွားရောက် ပညာသင်ယူနေကြကြောင်း၊ တရုတ်နိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ် ဆယ်ခုကျော်တွင် မြန်မာဘာသာစကားကို အဓိက ဘာသာအဖြစ် သင်ကြားနေပြီး နှစ်စဉ် တရုတ်နိုင်ငံမှ ကျောင်းသူ ကျောင်းသား ရာချီပြီး မြန်မာနိုင်ငံသို့  ပညာတော်သင် လာရောက်လျက် ရှိကြောင်း၊ တရုတ်သံရုံးမှသံအရာရှိတို့ ကလည်း မြန်မာစကားကို သင်ယူကြကြောင်း၊ နှစ်နိုင်ငံအကြား ပိုမို နီးကပ်လာသည့်နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အခြေအနေများအရအပြန်အလှန် လေ့လာ သင်ယူဖို့ လိုအပ်လာ ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် တရုတနိုင်ငံ၏ နှစ်ပေါင်းများစွာ ခင်မင်လာသည့် မိတ်ဆွေဟောင်း ဖြစ်ပါကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် တရုတ် - မြန်မာ ချစ်ကြည် ရင်းနှီးရေး ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ကြီးမားသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တရုတ်ဘာသာစကား သင်တန်း ဖွင့်လှစ်ခြင်းကြောင့် သင်တန်းသူ သင်တန်းသားများသည် တရုတ်ဘာသာစကားမှတစ်ဆင့် တရုတ်နိုင်ငံအကြောင်း ပိုမို သိရှိ နားလည်လာပြီး ချစ်ကြည်ရေး သံတမန်များ ဖြစ်လာစေဖို့ မျှော်လင့်ပါကြောင်းလည်း၎င်းက ပြောခဲ့သည်။

ယခု သင်တန်းသည် တရုတ်နိုင်ငံ သံရုံးက နေပြည်တော်တွင် ဖွင့်လှစ်သည့် တတိယမြောက် တရုတ်ဘာသာစကား သင်တန်း ဖြစ်ပြီး ယခင်သင်တန်းနှစ်ခုတို့ မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ရှိ သင်တန်းများဖြစ်ကြောင်း သိရသည်။

ယနေ့ စတင် ဖွင့်လှစ်သည့် သင်တန်းသို့ သင်တန်းသား ၃၂ ဦး၊ သင်တန်းသူ ၂၉ ဦး - ပေါင်း ၆၁ ဦး တက်ရောက်ကြမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့ မှ ကြာသပတေးနေ့ အထိ တစ်ပတ် လျှင်လေးရက်တာဖြင့် ညနေ ၄း ၀၀ နာရီမှ ၅း ၃၀ နာရီအထိ ခြောက်လကြာ သင်ကြားမည် ဟု သိရသည်။ (Xinhua)