မန္တလေးမြို့ ဖူချင့်ကွန်ဖြူးရှပ်စင်တာ ( FITC ) မှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးပြပွဲဖွင့်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက မြန်မာနိုင်ငံ မန္တလေးမြို့ ဖူကျင့်မင်္ဂလာခန်းမအပေါ်ထပ်တွင် ပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးပိုမြင့်၊ FITC ကျောင်းမှ ကျောင်းအုပ်ချုပ်ရေး နာယကအဖွဲ့ ဥက္ကဋ္ဌ ဦးဖြူဝင်းနှင့် တရုတ်နိုင်ငံပြန် မြန်မာကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးကျော်သန်းထွန်းတို့ က အမှာစကား အသီးသီး ပြောကြားကြသည်။
ဆက်လက်၍ ထျန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ခံဆရာမကြီး Chu Lirong ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးတက္ကသိုလ် ( မန္တလေး ) မှ ဒုတိယပါမောက္ခချုပ် ဦးကျော်သိန်းဌေးနှင့် ပြပွဲတွင် လာရောက်ပြသကြသော တက္ကသိုလ်များမှ တာဝန်ရှိသူများက မိမိတို့ တက္ကသိုလ်၏ ပညာရေးအဆင့်မြင့် တင်ထားမှု အနေအထားများကို ရှင်းလင်းပြောကြားကြသည်။
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးပိုမြင့်၊ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို တရုတ်နိုင်ငံမှအဆင့်မြင့် တက္ကသိုလ်များကနေပြီး အဆင့်မြင့်ပညာရေးပြပွဲများ စဉ်ဆက်မပြတ် လာရောက်၍ ပြသပေးနေသည်ကို မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း ကိုယ်စား ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း၊ ပညာရေးသည် နိုင်ငံတိုင်း၏ ရေသောက်မြစ်ပင်ဖြစ်၍ ပညာရေးတိုးတက်မှာ နိုင်ငံများလည်း တိုးတကဖွံ့ဖြိုးမှာဖြစ်သည့်အတွက် ယခုလို ပညာရေးနှင့် စပ်လျဉ်း သော အဆင့်မြင့် ပညာရေးပြခန်းများဖြင့် လာရောက်ပြသသည်ကို ထပ်ဆင့်၍ ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆွေမျိုးရင်းခြားလို အတူ တကွ လက်တွဲ၍ နေထိုင်လာခဲ့သည်သည့် သမိုင်းကြောင်းများ အထင်အရှားပင်ရှိပါကြောင်း၊ ထို့ကြောင့် လည်း အထူးပင်ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း အနေဖြင့် ( FITC )နှင့် ပူးပေါင်း၍ တရုတ်ဘာသာစကားသင်တန်းများလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေ ကြောင်း၊ ဤကဲ့သို့ တရုတ်ဘာသာစကားသင်တန်များဖွင့်လှစ်၍ပေးနေခြင်းမှာလည်း မြန်မာ-တရုတ် ချစ်ကြည်ရေး ခိုင်မာမှု အစဉ်အဆက် တိုးတက်စေရန်အတွက်သာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြား သည်။
ဖွင့်ပွဲအခမ်းအနားအောင်မြင်သည့်အထိမ်းအမှတ်အနေဖြင့် စုပေါင်းဓာတ်ပုံများရိုက်ကူးကြပြီး တရုတ်နိုင်ငံမှလာရောက်ပြသကြသော ဟွာချောင်တက္ကသိုလ်၊ ထျန်းကျင်း တရုတ်တိုင်းရင်းဆေး တက္က္တသိုလ်၊ ရှန်းဟိုင်းအိုးရှင်းတက္ကသိုလ်၊ တုန်းဟွာတက္ကသိုလ်၊ ရှန်ဟိုင်းတက္ကသိုလ်၊ ပေဟွာတက္ကသိုလ်၊ ယူနန်တက္ကသိုလ်နှင့် ရှန်ဟိုင်းလိရှင်စီးပွားရေးတက္ကသိုလ်များမှ ပြခန်းများကို လှည့်လည်ကြည့်ရှု ၍ အားပေးခဲ့ကြကြောင်း သိရသည်။ ။
သတင်းနှင့် ဓာတ်ပုံ - ဘဦး