ဆင်းရဲသောဝူလင်တောင်တန်းဒေသတွင် တည်ရှိသော ဟူနန်ပြည်နယ် ရှန်ရှီထူကြား၊ မြောင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ထူးခြားသော မိသားစုနေထိုင်သည့် အိမ်တစ်အိမ်ရှိပါသည်။
အဆိုပါနေရာတွင် တောင်တန်းဒေသမှ မိဘမဲ့ကလေး(၁၂၅)ဦးတို့သည် နွေးထွေးသော မိသားစုတစ်စုကို တည်ထောင်ခဲ့သည်။ နေ့စဉ်နံနက်ပိုင်းတွင် သူတို့သည် ကျောင်းကားဖြင့် အတူတကွ ကျောင်းသွားတက်ကြပါသည်။ ညပိုင်းကျောင်းပြန်ချိန်တွင်မူ သူတို့မေမေဖြစ်သူ ရှန်ရှီပြည်နယ်ခွဲ မေတ္တာကရုဏာဂေဟာ၏ ကျောင်းအုပ်ကြီး ကျန်းဝေသည် တံခါးရှေ့တွင် ဤကလေးများအား စောစောကတည်းကပင် စောင့်ကြိုလျက်ရှိပါသည်။
ဤမေတ္တာကရုဏာဂေဟာကို မရောက်ရှိမီ ၎င်းကလေးများသည် မိမိ၏ ဘိုးဘွားမှ စောင့်ရှောက်ပေးခြင်းဖြစ်သည်။ သို့သော်လည်း၊ ပညာရေးအရည်အချင်း နိမ့်ကျခြင်းနှင့် ဆင်းရဲနွမ်းပါးမှုကြောင့် ၎င်းဘိုးဘွားတို့သည် မြေး၏ ပညာရေးတာဝန်ကို မယူနိုင်ကြပေ။ ဆင်းရဲသောမိဘမဲ့ကလေးအား ပိုမိုကောင်းမွန်သော ဘ၀နှင့် ပညာရေးကို ရရှိခံစားစေနိုင်ရန် လည်းကောင်း၊ လူမှုအဖွဲ့အစည်းကို အဆင်ပြေစွာ ၀င်ရောက်လုပ်ကိုင်နိုင်ရေး ကူညီနိုင်ရန် လည်းကောင်း ရှန်ရှီပြည်နယ်ခွဲသည် မိဘမဲ့ကလေး“စုဝေးစောင့်ရှောက်ခြင်း”စနစ်ကို စတင်၍ စူးစမ်းလေ့လာခဲ့သည်။ ၂၀၁၅ ခုနှစ် ရှန်ရှီပြည်နယ်ခွဲကုသိုလ်ဖြစ်အဖွဲ့ချုပ်သည် “မိဘမဲ့ကလေးအား ကူညီထောက်ပံ့ခြင်း”စီမံကိန်းကို စတင်ဖော်ဆောင်လာကာ ရှန်ရှီပြည်နယ်ခွဲ၏ ပထမဆုံး မေတ္တာကရုဏာဂေဟာ ထူထောင်ခဲ့ပါသည်။
နေထိုင်မှုဘ၀၊ အပန်းဖြေရေး၊ စာသင်လေ့လာမှု၊ မွမ်းမံသင်တန်းပို့ချပေးခြင်း စသည့်ဇုန်ခွဲအမျိုးမျိုးဖြင့် တည်ဆောက်ထားသည့် မိသားစုတွင် မဟာဘွဲ့ရသည့်“ကျောင်းအုပ်ကြီးမေမေ”ကျန်းဝေနှင့် အခြားသောနည်းပြဆရာ(၂၀)ဦး ရှိပါသည်။ ၎င်းတို့သည် ကလေးများအား နေထိုင်မှုဘ၀စောင့်ရှောက်ပေးခြင်း၊ ကျောင်းပြင်ပပညာရေး၊ ပင်ကိုယ်အရည်အချင်းမြှင့်တင်ခြင်း၊ လက်တွေ့လေ့လာခြင်း၊ အလုပ်အကိုင်ရှာဖွေရေးကို လမ်းညွှန်ပြခြင်း စသည့်အလုပ်တာဝန်ကို ထမ်းဆောင်ကြပါသည်။
သုံးနှစ်အချိန်အတွင်း ဤကလေးများသည် မေမေဟုခေါ်သော ကျောင်းအုပ်ကြီးကို ချစ်ခင်လာခြင်းနှင့်အတူ ဤအသစ်တည်ထောင်သော မိသားစုကိုလည်း ခင်တွယ်လာကြသည်။ သူတို့သည် အတူတကွ စာသင်လေ့လာရင်းနှင့် အတူတကွ ကြီးထွားရှင်သန်လာပါသည်။ ထိုနည်းတူ မိမိကိုယ်ကို မိမိယုံကြည်မှု၊ ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာ တို့ကိုလည်း ရရှိခံစားကြပါသည်။ မေတ္တာကရုဏာဂေဟာသည် ချစ်မေတ္တာကို မျှဝေပေးသည့် မိသားစု ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသား စေတနာ့ဝန်ထမ်းများသည် ကလေးများအတွက် စာသင်ပို့ချပေးလေ့ရှိပါသည်။ မေတ္တာကရုဏာဂေဟာ၏ “စုဝေးစောင့်ရှောက်ခြင်း”စနစ်ကို တဖြည်းဖြည်းချင်း ဖြန့်ဝေကျင့်သုံးလာသည်။ ယခုလက်ရှိအချိန်တွင် ရှန်ရှီပြည်နယ်ခွဲရှိ ဟွာယွမ်ခရိုင်၊ ယုံရွှန်ခရိုင်၊ လူရှီခရိုင်၊ ဂူကျွမ်ခရိုင် စသည့်ဒေသများ၏ မေတ္တာကရုဏာဂေဟာတို့ အဆက်မပြတ် ဖွင့်လှစ်ကာ မိဘမဲ့ကလေးငယ် (၆၅၀)ဦးကျော်အား ထောက်ပံ့ပေးနေပါသည်။ ၂၀၂၀ ပြည့်နှစ်ထိတိုင် အဆိုပါစနစ်ကို ရှန်ရှီပြည်နယ်ခွဲတစ်ခုလုံးအတွင်း ဖြန့်ဝေကျင့်သုံးမည် ဖြစ်ပါသည်။
ပိုများလာသော “ကျောင်းအုပ်ကြီးမေမေ”နှင့် “ကျောင်းအုပ်ကြီးဖေဖေ”တို့သည် မေတ္တာကရုဏာဂေဟာမှတစ်ဆင့် ရှန်ရှီ ဆင်းရဲသော ၀ူလင်တောင်တန်းဒေသမှ မိဘမဲ့ကလေးငယ်များအား ကူညီထောက်ပံ့လျက် ရှိနေပါသည်။ ကလေးများ၏ ဘ၀ကို ချစ်ခြင်းမေတ္တာနှင့်ပညာရေးဖြင့် ကောင်းမွန်စွာ အဆင့်မြှင့်တင်ပြောင်းလဲပေးလျက်ရှိပါသည်။
(သတင်းထောက်-Zhang Yujie၊ ဓာတ်ပုံ-Li Ga)
ကျောင်းအုပ်ကြီး ကျန်းဝေသည် ရှန်ရှီပြည်နယ်ခွဲမေတ္တာကရုဏာဂေဟာ၏ တံခါးရှေ့တွင် ကျောင်းဆင်းလာသောကလေးများအား စောင့်ကြိုနေစဉ်။
ဟူနန်ပြည်နယ် ပေါင်ကျင့်ခရိုင် ဖူရှင်မြို့နယ်တွင် ကျောင်းအုပ်ကြီး ကျန်းဝေသည် ဘွားဘွားမှ စောင့်ရှောက်ပေးနေသောသားလေးရှောင်ကျင့်နှင့် မေတ္တာကရုဏာဂေဟာကို ပါဝင်ဆင်နွှဲရန် ဆွေးနွေးနေစဉ်။
ဒုတိယကျောင်းအုပ်ကြီး ၀မ်ကျီယွမ်(ဘယ် ၂)နှင့် လုပ်ဖော်ကိုင်ဖက်သည် ကျောင်းဆင်းလာသော ရှောင်ယန်(ဘယ် ၃)နှင့် ရှောင်ဝေ(ညာ ၁)အား ကြိုဆိုစဉ်။
ကျီစုတ်မြို့ချန်ယွမ်မူလတန်းကျောင်း ပထမနှစ် စာသင်ခန်းတွင် အသက်(၇)နှစ်ရှိသည့် ရှောင်ဝေသည် အတန်းဖော်နှင့် ဆွေးနွေးနေစဉ်။
မေတ္တာကရုဏာဂေဟာ၏ စာသင်ခန်းတွင် ကျီစုတ်တက္ကသိုလ်မှ စေတနာ့ဝန်ထမ်းများသည် ကလေးငယ်များအား ညပိုင်းကိုယ်ပိုင်စာကြည့်ချိန်တွင် ကူညီသင်ကြားပို့ချပေးနေစဉ်။