တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ မေ ၆ ရက်တွင် တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် မတ်လတွင် အစိုးရအဖွဲ့သစ် တာဝန်ယူပြီးချိန်မှစ၍ ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်၏ ပထမမြောက် နိုင်ငံဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် တရုတ်-အင်ဒိုနီးရှား ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ကြား မဟာဗျူဟာမြောက် ဆက်ဆံရေး ၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လီခဲ့ချန်၏ ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ်အား အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းသွားလာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ဝန်ကြီး Luhut Binsar Pandjaitan နှင့် အခြားအကြီးတန်းအရာရှိများက လေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
လီခဲ့ချန်၏ ခရီးစဉ်အတွင်း ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) နှင့် အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတ ဂျူဆက်ဖ် ကယ်လာ (Jusuf Kalla) တို့ နှင့်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး တရုတ်-အင်ဒိုနီးရှား စီးပွားရေးညီလာခံတစ်ခုသို့ တက်ရောက်သွား မည်ဖြစ်သည့်အပြင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ၌ လက်မှတ်ရေးထိုး ခြင်းတွင်လည်း အသိသက်သေအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးချုပ်သည် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အသိုက်အဝန်းနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုအား အလေးပေးဖော်ပြရန် အာဆီယံရုံးသို့ သွားရောက်ကာ အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ၅ နှစ်ပြည့် အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများသို့ တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ် ပြီးနောက် လီခဲ့ချန်သည် ဂျပန်နိုင်ငံသို့ မေလ ၈ ရက်တွင် တရားဝင်ခရီးစဉ် သွားရောက်ကာ ၇ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေး သို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)