၂၀၁၈ ခုနှစ် တရုတ်ပြည် တယ်ဟုန်ပြည်နယ်ခွဲ ဂျိန်းဖောတိုင်းရင်းသားနိုင်ငံတကာ မနောပွဲနှင့် ပထမအကြိမ် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု”နိုင်ငံတကာ micro မှတ်တမ်းတင်ရုပ်ရှင်ပြပွဲ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောကြားချက်အရ-- ယခုအကြိမ်ကျင်းပပြုလုပ်သည့် မနောပွဲသည် “တံခါးဖွင့်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု”ကို အဓိကခေါင်းစဉ်အနေဖြင့် ကျင်းပ သွားမှာဖြစ်ပြီး ရိုးရာအစဉ်အလာလှုပ်ရှားမှုဖြစ်သော ဘရိုကိတ်ပိတ်ထည်ရက်ပြိုင်ပွဲ၊ စားကောင်းသောက်ဖွယ်ယှဉ်ပြိုင်ပွဲစသည့် တိုင်းရင်း သားရိုးရာအစီအစဉ်များအပြင်၊ ပထမအကြိမ်“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” နိုင်ငံတကာ micro မှတ်တမ်းတင်ရုပ်ရှင်ပြပွဲ(အောက်တွင် ရုပ်ရှင်ပြပွဲဟု အတိုချုံးခေါ်ဝေါ်ထားပါမည်)ကိုလည်း တစ်ချိန်တည်းတွင် ကျင်းပမည်ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင် တယ်ဟုန်ပြည်နယ်ခွဲပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးHou Sheng မှအဆိုပါရုပ်ရှင်ပြပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားရာ တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်နိုင်ငံ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု”အဆိုပြုချက်အတွင်းသို့ တက်ကြွစွာ ပါဝင်ပါကြောင်း၊ တယ်ဟုန်ပြည်နယ်ခွဲ၏ပထဝီအခြေအနေအားသာချက်ကို အသုံးပြုပြီး တရုတ်-မြန်မာ ဖလှယ်ရေးစင်တာကို တည်ဆောက်နေကြောင်း၊ ယင်းရုပ်ရှင်ပြပွဲကျင်းပခြင်းသည် အဆိုပါအစီအစဉ်များတွင်ပါဝင်သော အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း Hou Sheng က ပြောကြားခဲ့ပါသည်။
“ဒီတစ်ကြိမ်ရုပ်ရှင်ပြပွဲက တရုတ်နိုင်ငံနယ်စပ်ဒေသ ယဉ်ကျေးမှုတိုးမြှင့်ခြင်းအတွက်ရော ပြည်သူပြည်သားများက ယဉ်ကျေးမှုထွက်ကုန်အမျိုးမျိုးအစုံစုံကို ခံစားနိုင်စေဖို့အတွက်ပါ အကျိုးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်၊ ယူနန်ပြည်နယ်ရုပ်ရှင်၊ ဗီဒီယိုနဲ့ပွဲတော်ထောပနာပြုဖို့ အစီအစဉ် ကြွယ်ဝစေခြင်းအတွက်လည်း အကျိုးရှိစေပါတယ်။ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု’တစ်လျှောက်မှာရှိတဲ့ နိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းနည်းလမ်းနဲ့ အခွင့်အလမ်းကို တိုးချဲ့နိုင်တယ်”ဟု Hou Sheng က ဆက်လက်ပြောသည်။
သတင်းထုတ်ပြန်ချက်အရ--အဆိုပါရုပ်ရှင်ပြပွဲသည် “ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း” ကို ရည်ရွယ်ထားပြီး မတ်လ(၁)ရက်နေ့မှ(၄)ရက်ထိ တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါရုပ်ရှင်ပြပွဲကို ပြည်တွင်းပြည်ပမှ အကဲဖြတ်ပညာရှင်များ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ micro ရုပ်ရှင်စိတ်ပါဝင်စားသူဝါသနာရှင်များ အပါအဝင် စုစုပေါင်း (၄၀၀)ဦးခန့် ပြပွဲသို့ ပါဝင်တက်ရောက်မည်။
အဆိုပါရုပ်ရှင်ပြပွဲပြသမည့် ရုပ်ရှင်များသည် နိုင်ငံတကာ အကြောင်းအရာများ၊ ဖွံ့ဖြိုးတိုးတက်မှုပုံစံနှင့် အခြားသော အကြောင်းအရာများ အဓိကပါဝင်သည်။ “ရုပ်ရှင်ပြပွဲစတင်ချိန်ကစပြီး ပြည်တွင်းပြည်ပ micro ရုပ်ရှင်နယ်ပယ်က သီးသန့်ပညာရှင်နဲ့ micro ရုပ်ရှင်စိတ်ဝင်စားသူဝါသနာရှင်များရဲ့အားပေးမှုနဲ့ဂရုစိုက်မှုကို ရရှိပါတယ်။ အခု အချိန်အထိ၊ ကျွန်တော် တို့က တရုတ်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တောင်ကိုးရီးယား၊ ဗီယက်နမ်၊ နီပေါ၊ တရုတ်ထိုင်ဝမ်ဒေသစတဲ့ နိုင်ငံနဲ့ဒေသ (၁၀)ခုက ရုပ်ရှင်(၂၀၀)လောက် စုဝေးရရှိထားပါတယ်။ အကဲဖြတ်ပညာရှင်များအနေနဲ့ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင် နဲ့တရုတ်ထိုင်ဝမ်ဒေသက ပညာရှင်(၁၂)ဦးပါဝင်သွားမှာဖြစ်တယ်”ဟု Hou Sheng မှ ပြောကြားခဲ့ပါသည်။
(သတင်းထောက်၊ ချင်ချိမ့်ရီ၊ ဆည်းဆာ)