စုတ်တံဘွားဘွား၏ နှစ်ပေါင်းတစ်ရာကျော်ရှိ ကူမင်းစည်ကားရာအရပ်က စုတ်တံဆိုင်

2018-03-15 19:15:21 |သတင်းအရင်းအမြစ် 云桥网

  ကူမင်းတာ့ကွမ်မူလတန်းကျောင်းသည် မွန်းလွဲ(၄)နာရီခွဲတွင် ကျောင်းဆင်းသည်။ ကျောင်းကြိုလာသည့် မိဘများသည် ကျောင်းရှေ့ရှိ ရှီအန်မလမ်းတွင် ကြိတ်ကြိတ်တိုး စောင့်နေကြသည်။ အမှန်တကယ်ပြောရလျှင် ဤလမ်းမှာ လမ်းကျဉ်းကလေးမျှသာဖြစ်သည်။ ကျောင်းတံခါးနှင့် မီတာ(၅၀)ကွာဝေးသောနေရာတွင် မထင်မရှား စုတ်တံဆိုင်တည်ရှိသည်။ ဆိုင်တံခါးဝ၏ ဆိုင်းဘုတ်တွင်  တရုတ်ရှေးရိုးရာစာလုံးဖြင့် "ကျန်းရှဲချန်စုတ်တံဆိုင်" ဟု ရေးသားထားသည်။

      "ကျန်းရှဲချန်စုတ်တံဆိုင်"၏ အကျယ်အဝန်းမှာ မကြီးလှပေ။ (၁၀)စတုရမ်းမီတာလောက်သာ ရှိသည်။ ဆိုင်တံခါးဝတွင်လည်း ဘိုးဘွားအမွေဆက်ခံလာသော လက်မှုအနုပညာ၊ အမွှေးစုတ်တံ၊ သက်ကြီးသက်ရှည်စုတ်တံ၊ လင်မယားအချစ်စုတ်တံ၊ တစ်ပတ်အတွင်း ကုန်ပစ္စည်းပေးအပ်ခြင်း စသည့် လက်ရေးဖြင့်လုပ်ကိုင်သောလုပ်ငန်းများအကြောင်းကို ရေးသားထားသည်။ ဤစုတ်တံဆိုင်ကို မန်ချူးမင်းဆက်ခေတ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်မီ ကွေ့ဟွန်လန်နှင့် ခင်ပွန်းသည်တို့သည် ကျန်ရှီပြည်နယ်မှ ယူနန်သို့ ရွှေ့ပြောင်းလာသည်။ ကူမင်းရှိ ကျိန်ယံလမ်း၊ ဝူချန်လမ်းတွင် ဆိုင်ဖွင့်ခဲ့ဖူးသည်။ အကြိမ်ကြိမ် ရွှေ့ပြောင်းပြီးနောက် ၂၀၀၀ပြည့်နှစ်ကစပြီး ရှီအန်မလမ်းတွင် အခြေစိုက်ခဲ့သည်။

   အသက်(၈၈)နှစ်ပြည့်ပြီဖြစ်သော ဘွားဘွားကွေ့ဟွန်လန်သည် ပြတ်သားကျယ်လောင်သောအသံဖြင့် ဆိုင်လာလူတိုင်းအား မိမိဆိုင်မှ ရောင်းချသော စုတ်တံများအကြောင်းကို မိတ်ဆက်ပြသသည်။ "ကျွန်မဆိုင်ကရောင်းတဲ့စုတ်တံအမျိုးအစားဟာ အမျိုး ၁၀၀ ကျော်ရှိတယ်။ သုံးစွဲသူကွဲပြားသလိုပဲ မတူညီတဲ့စာလုံးတွေကို အမျိုးအစားမတူတဲ့စုတ်တံနဲ့ ရေးရမယ်နော်။"ဟုကွေ့ဟွန်လန်က စိတ်အားထက်သန်စွာ ပြောပြပေးသည်။ စုတ်တံဆိုင်ဖွင့်လှစ်သည်မှာ အချိန်ကြာလာသည်နှင့်အမျှ ကလေးများကပင် သူ့အား "စုတ်တံဘွားဘွား"ဟု ချစ်ခင်ရင်းနှီးစွာ ခေါ်ဝေါ်လေ့ရှိကြသည်။ များသောအားဖြင့် သူမဆိုင်သို့ လာဝယ်သည့်သူများသည် ဖောက်သည်များသာဖြစ်သည်။ ပထမဆုံးအကြိမ်လာဝယ်သည့်သူဖြစ်လျှင် အဘယ်သို့သော စာလုံးရေးသားမည်နည်းဟု ကွေ့ဟွန်လန်သည် အသေးစိတ်မေးမြန်းပြီး စုတ်တံကို မိတ်ဆက်လေ့ရှိသည်။

    ဤဆိုင်သည် ကူမင်းရှိ ရိုးရာစုတ်တံဆိုင်များထဲမှ နောက်ဆုံးတစ်ဆိုင်ဖြစ်နိုင်သည်။ "ဖောက်သည်တွေရဲ့ အားပေးမှုကြောင့် ကျွန်မ ဆိုင်ကို ဇွဲနဘဲကြီးစွာနဲ့ တစိုက်မတ်မတ် ကြိုးပမ်းဖွင့်လှစ်လျက်ရှိပါတယ်။ ဖောက်သည်တွေလည်း ကျွန်မအပေါ် ချီးကျူးတယ်။ အားပေးတိုက်တွန်းတယ်။ ဒါက ကျွန်မ တန်ဖိုးရှိသေးတယ်ဆိုတာကိုပြတာပဲ။ ဆိုင်ဆက်ဖွင့်ပြီး ကောင်းကောင်းလုပ်နေဦးမှာပါ။"ဟု စုတ်တံဘွားဘွားကပြောသည်။(Yunnan Gateway သတင်း ဝက်ဘ်ဆိုက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006