ကျီနန်မြို့၏ ဆောင်းရာသီ

2018-01-16 15:22:00 |သတင်းအရင်းအမြစ်

မြောက်ပိုင်းတွင် နေသားကျသူတစ်ယောက်အနေဖြင့် ဆောင်းရာသီတွင် လေမတိုက်ခတ်ပါက ကျွန်တော်သည် အထူးအဆန်းဟု ထင်မှတ်မိသည်။ ကျီနန်မြို့၏ ဆောင်းရာသီတွင် လေတိုက်ခတ်သံ မကြားရပါ။ မကြာသေးခင်ကမှ လန်ဒန်က ပြန်လည်ရောက်လာသူတစ်ယောက်အနေဖြင့် ဆောင်းရာသီ တွင် နေရောင်ခြည်တွေ့မြင်ရပါက ကျွန်တော်သည် ထူးဆန်းသည်ဟုခံစားမိသည်။ ကျီနန်မြို့၏ ဆောင်းရာသီသည် လေတိုက်သံနှင့် သာသာယာယာရှိလှသည်။ သဘာဝတရားအတိုင်း အပူပိုင်းဒေသ တွင် နေရောင်ခြည်သည် အလွန်ပြင်းထန်လှသည်။ ထိုကဲ့သို့ ရာသီဥတုမျိုးမှာ ထိတ်လန့်ဖွယ်ကောင်း သည်။ သို့သော် တရုတ်နိုင်ငံ၏မြောက်ပိုင်းဒေသတွင် နွေးထွေးသာယာသည့်ရာသီဥတုကိုပိုင်ဆိုင်သော ကျီနန်မြို့သည် အဖိုးတန်မင်္ဂလာမြေဟု ဆိုနိုင်ပါသည်။

နေရောင်ခြည်တစ်မျိုးသာရှိရင် ထူးဆန်းသည်ဟုမဆိုနိုင်ပါ။ မျက်စိမှိတ်ပြီး စဉ်းစားကြည့်လိုက်ပါ။ မြို့ဟောင်းတစ်မြို့တွင် တောတောင်နှင့်ရေမြေတို့တည်ရှိနေပြီး အားလုံးက နေရောင်အောက်တွင် နေပူစာလှုံကာ နွေးနွေးထွေးထွေး အိပ်ရာဝင်နေရင်း နွေဦးလေပြည်လေးရဲ့ လှုပ်နိုးခြင်းကို စောင့်မျှော်နေ သည်မှာ စိတ်ကူးမျှော်မှန်းထားတဲ့အနေအထားတစ်ခု မဟုတ်ပေဘူးလား။

တောင်ကုန်းလေးသည် ကျီနန်မြို့ကို ပတ်ပတ်လည်ဝိုင်းထားရာ မြောက်ဘက်တွင် ဝင်ပေါက်တစ်ခု သာ ချန်ထားပါသည်။ ယခုလိုတောင်ကုန်းလေးပတ်ပတ်လည်ရှိ နေရာဆောင်းရာသီတွင် အထူးကြည်နူး စရာကောင်းလှပြီးကျီနန်မြို့ကို ပုခက်လေးအတွင်း ထည့်ထားသယောင် ရှိနေပါသည်။ သတို့က ငြိမ်သက်စွာဖြင့်“စိတ်ချပါ၊ ဒီမှာသေချာပေါက် နွေးထွေးပါတယ်။” ဟု ခပ်တိုးတိုးပြောနေသယောင်ပင်။ ဟုတ်ပေသားပဲ၊ ကျီနန်မှ ပြည်သူများသည် ဆောင်းရာသီတွင် မျက်နှာမှာ အပြုံးပန်းဝေဆာလျက်ရှိနေ သည်။ တောင်ကုန်းလေးတွေကို သူတို့မြင်လိုက်သည်နှင့် စိတ်အေးလက်အေးရှိရာ အားကိုးရှိသည်ဟု ခံစားမိကြသည်။ သူတို့သည် ကောင်းကင်ယံမှ တောင်ကုန်းလေးကို ကြည့်ရင်း မနက်ဖြန်နွေဦးရာသီ ရောက်လာတော့မှာလား၊ ယခုလိုနွေးထွေးမှုကြောင့် ယနေ့ညမှာ တောင်ပေါ်မြက်လေးတွေလည်း စိမ်းလန်းလာပြီလားဟု တွေးမိနေကြပါသည်။ ယခုလိုစိတ်ကူးယဉ်မှုမျိုး ချက်ချင်းအကောင်အထည် မပေါ်သည့်တိုင်အောင် သူတို့သည် စိတ်မပူပန်ကြပါ။ အကြောင်းမှာ ယခုလိုနွေးထွေးလှသော ဆောင်းရာသီမှာ အခြားဘာကိုမှ မျှော်လင့်ဖို့မလိုသောကြောင့်ပင် ဖြစ်သည်။ ပျော်စရာအကောင်းဆုံးမှာ ဆီးနှင်းဖွေးဖွေးကျသော ရှုခင်းအလှဖြစ်ပါသည်။ ကြည့်စမ်းပါအုံး၊ တောင်ပေါ်က ခပ်ပုပုထင်းရှူးပင်များ သည် ပိုမိုစိမ်းလန်းစိုပြေလာသည်။ သစ်ပင်ထိပ်တွင် ဆီးနှင်းများမှာလည်း လွန်စွာဖြူဖွေးနေသည်။ တောင်ထိပ်တစ်ခုလုံးဖြူဖွေးနေရာ ပြာလဲ့လဲ့ကောင်းကင်ကို ငွေရောင်အနားကွပ်ပေးထားသယောင် တွေ့မြင်နေရသည်။ တောင်စောင်းဘက်တွင် တစ်ချို့နေရာသည် ဆီးနှင်းများ ထူထဲစွာဖုံးအုပ်နေပြီး တစ်ချို့နေရာတွင် မြက်ပင်များကို မြင်နိုင်ပါသေးသည်။ ထိုသို့ဖြင့် အဖြူရောင်တစ်လိုင်း၊ အဝါရင့်ရောင် တစ်လိုင်းဖြင့် တောင်များကို ရေလှိုင်းပုံပါသည့် အင်္ကျီတစ်ထည်လွှမ်းခြုံထားသည်နှင့်တူလှသည်။ ကြည့်ရင်းကြည့်ရင်း အင်္ကျီလေးကလေတိုက်၍ လှုပ်ခတ်နေရာ တောင်တန်း၏ပိုလှသော အတွင်းပိုင်းကို လှစ်ဟပြဆွဲဆောင်နေသယောင် ရှိနေသည်။ နေဝင်ဆည်းဆာချိန်ခါ ရောက်ခါနီးတွင်ဝါဖျော့ဖျော့ နေရောင်ခြည် တောင်စောင်းဆီကို ကျရောက်လာရာဆီးနှင်းပါးပါးလေးက ရုတ်တရက်ရှက်သွေးဖြာလာ ပါတော့သည်။

ဆီးနှင်းဖွေးဖွေးလေးသာကျနေပါသည်။ ကျီနန်သည် ပြင်းထန်သောဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။ ရှေးခေတ်တုန်းက ကျီနန်မြို့သည် မြို့ပြအတွင်း အလွန်ကျဉ်းမြောင်းပြီး၊ မြို့ပြင်ပတွင် အလွန်ကျယ်ပြန့်လှပါသည်။ တောင်ပေါ်တွင် ကျေးရွာငယ်များတည်ရှိပြီး ရွာအတွင်းရှိ အိမ်မိုးများတွင် ဆီးနှင်းများကို တွေ့ရပါသည်။ မှန်ပါသည်၊ ဤသည်မှာ ဆေးပန်းချီကားငယ်တစ်ချပ်ဖြစ်ပါသည်၊ ဒါမှမ ဟုတ် ထန်မင်းဆက်ခေတ်တုန်းက အမည်ကျော်ကြားသော ပန်းချီဆရာ၏လက်ရာလည်း ဖြစ်နိုင်ပါ သည်။

 

ရေပြင်ကိုကြည့်လိုက်တော့ ရေမခဲဘဲနှင့် ကျောက်ပွင့်အစိမ်းပေါ်တွင် အပူငွေ့ ထွက်လာသည်ကို တွေ့မြင်နိုင်ပေမည်။ ကျောက်ပွင့်သည် အလွန်စိမ်းလန်းစိုပြေနေရာ တစ်နှစ်ပတ်လုံးသိုလှောင်ထားသော အစိမ်းရောင်ကို အစွမ်းကုန်ထုတ်ပြနေသယောင် ခံစားနိုင်မည်ဖြစ်ပါသည်။ နေသာလေ ကျောက်ပွင့်က ပိုစိမ်းလေဖြစ်ပါသည်။ ယခုလိုစိမ်းလန်းနေသောကြောင့် ရေတောင်မခဲရက်တော့ပေ။ မိုးမခပင်များသည် ရေထဲတွင် အရိပ်ထင်လာရန် ဆိုင်းပြင်းနေကြသည်။ ကြည့်စမ်းပါအုံး၊ ကြည်လင်သောချောင်းရေမှ အပေါ်သို့ တဖြည်းဖြည်းကြည့်လိုက်ပါ၊ ကောင်းကင်အပေါ်မှ အောက်ခြေအထိ ပြာလဲ့လဲ့ရှုခင်းအလှမှာ ကြည်လင်လေးနက်နေရာခအပြာရောင်စကျင်ကျောက်ကဲ့သို့ ရှိနေပါသည်။ ဤစကျင်ကျောက်အတွင်း အိမ်အမိုးအနီရောင်၊ အဝါရောင်တောင်ကုန်းတို့သည် ကော်ဇောပေါ်ရှိ ပန်းပွင့်လေးများကြားက မီးခိုး ရောင်သစ်ပင်အရိပ်လေးကဲ့သို့ လှပသည်ကို တွေ့မြင်နိုင်ပါမည်။ ဤသည်မှာ ကျီနန်၏ ဆောင်းရာသီပင် ဖြစ်ပါသည်။

作者简介:

 

စာရေးဆရာအကြောင်းမိတ်ဆက် - လောင်ရှယ် (၁၈၉၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မွေးဖွား၍ ၁၉၆၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ကွယ်လွန်သည်။)အမည်ရင်းမှာရှူချင့်ချွန်း ဖြစ်သည်။ တရုတ်ပြည် ယနေ့ခေတ် ဝတ္ထုရေးဆရာ၊ စာရေးဆရာ၊ ဘာသာစကားဆရာကြီး၊ ပြည်သူ့အနုပညာရှင် ကြီးဖြစ်ပြီး တရုတ်ပြည်သစ်တွင် “ ပြည်သူ့အနုပညာရှင်ကြီး” ဟူသော ဂုဏ်ပုဒ်ကို ပထမဦးဆုံးရရှိခဲ့ သော စာရေးဆရာကြီးဖြစ်ပါသည်။

Online photos