BinHai Culture Center ရှိ အနုပညာအလှများ၌ ခေတ္တစီးမျောခြင်း

2018-01-24 18:29:30 |သတင်းအရင်းအမြစ် 云桥网

၁ လပိုင်း ၅ ရက်နေ့ သောကြာနေ့(၅. ၁. ၂၀၁၈)နေ့သည် စာသင်နှစ်တစ်နှစ်၏နှစ်ဝက်စာသင်ချိန် များမှ ပြီးစီး၍ အနားယူအပန်ဖြေသုတရှာရသောနေ့တစ်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မ တို့ “အာရှနှင့်အာဖရိကရေးရာကောလိပ်”၏ ဦးဆောင်မှုဖြင့် ထျန်းကျင်း(TianJin)မြို့၌ရှိသော BinHai Culture Center ကို သွားရောက်လည်ပတ်ခွင့်ရသောနေ့တစ်နေ့ဖြစ်သောကြောင့်ဖြစ်၏။ ကျွန်မတို့အဖွဲ့ သည် နေ့လည် ၁ နာရီအချိန်၌ ကျောင်းမှစတင်ထွက်ခွါလာခဲ့ရာ တစ်နာရီကျော်ကြာသည့်အခါ ရောက်ရှိခဲ့ပါပြီ။ အာရှနှင့်အာဖရိကရေးရာကောလိပ်မှအကြီးအဲများ၏ ကြိုတင်အကြောင်းကြားမှုကြောင့် ၎င်း Center ၏ ဝန်ထမ်းများက ကြိုဆိုနေပါသည်။

ဦးစွာ ကျွန်မတို့အဖွဲ့ကို Center မှာရှိသော ပုံစံငယ်ဖြင့် ရှင်းလင်းပြသပေးခဲ့ပါသည်။ ထို့နောက် ၅ ထပ်၌ရှိသောခန်းသို့ ခေါ်ဆောင်ကာ BinHai Culture Center ၏ မန်နေဂျင်းဒါရိုက်တာကိုယ်တိုင်ရှင်း လင်းပြောကြားပြန်ပါသည်။ ထိုသို့ရှင်းလင်းပြောကြားမှုကို အခြေခံ၍ အကျဉ်းချုပ်တင်ပြပါမည်။ BinHai Culture Center သည် မူလက စက်ရုံဟောင်းဖြစ်၍ ၎င်းကိုပြုပြင်ဖန်တီးထားကြောင်း၊ စတုရန်းမီတာ ၃ သိန်း ၁ သောင်းကျော် ကျယ်ဝန်ပါကြောင်း၊ စတင်အုတ်မြစ်ချခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ ၁၀ လပိုင်း၊ ၁၅ ရက်နေ့ဖြစ်ကြောင်း၊ တည်ဆောက်ချိန် ရက်ပေါင်း ၆၀၀ ကျော်ကြာဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ၁၀ လပိုင်း ၁ ရက်နေ့မှစ၍ ပြည်သူအများကို လာရောက်လည်ပတ်ခွင့် အခမဲ့ပေးပါကြောင်း၊ နေ့စဉ်လူပေါင်း ၄၀၀၀ ကျော်၊ ၅၀၀၀ နီးပါးလာရောက်ကြည့်ရှုနေပါကြောင်း၊ သိပ္ပံပညာပြတိုက်သည် မပြီးသေး၍ မဖွင့်ရ သေးပါကြောင်း၊ ဓိကရည်ရွယ် ချက်က တရုတ်နိုင်ငံကို ကမ္ဘာက ပိုမိုသိလာစေရန်နှင့် ထျန်းကျင်း(TianJin)မြို့ကို တရုတ်ပြည်တွင်းကပါ သိရှိလာစေရန်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အကျဉ်းချုပ်ဖော်ပြပေးအပ်ပါသည်။ ထို့နောက် ကျွန်မတို့အဖွဲ့ကို ရှေးခေတ်ကျော်ကြားသူတို့၏ ပန်ပုရုပ်တုများအခန်း၊ ရှေးခေတ်ဂီတ အနုပညာအခန်း၊ ကလေးငယ်တို့၏ လေ့လာသင်ယူမှုဆိုင်ရာအခန်းများ၊ နှင်းလျှောစီးလေ့ကျင့်ရာအ ခန်း၊ ရုပ်ရှင်ရုံရှိရာအခန်း၊ ပြဇာတ်ခုံရှိရာအခန်း စသည်တို့ကို လိုက်လံရှင်းပြပါသည်။ ထိုသို့သောအခန်း များပြီးမှ ကျွန်မတို့မျှော်လင့်နေရသော အင်တာနက်မှအလွန်လှသောစာကြည့်တိုက်ရှိရာအခန်းသို့ ရောက်ခဲ့ရပါသည်။

စာကြည့်တိုက်၏ အဆောက်အဦပုံစံသည် အလွန်လှပပြီး ကျွန်မတို့၏ ခြေလှမ်းများကို ရပ်တန့်စေ ပြီး ရင်သပ်ရှုမောဖြစ်စေပါသည်။ စာကြည့်တိုက်၏ ဒီဇိုင်းအလှများတွင် နံရံ၌ စာအုပ်ပန်းချီများထည့်သွင်း ရေးဆွဲထားခြင်းသည် လာရောက်ကြည့်ရှုသူတို့ကို ကမ္ဘာကျော်စာကြည့်တိုက်အဖြစ်မြင်စေပါသည်။

ကျွန်မတို့၏လည်ပတ်ကြည့်ရှုမှုသည် ညနေ ၄ နာရီခွဲ၌ အဆုံးသတ်သွားခဲ့ပါပြီ။ နေ့တစ်ဝက်ကုန်ဆုံး ရသည်နှင့်အတူ တန်ဖိုးမဖြတ်နိုင်သော အသိပညာဗဟုသုတနှင့် အနုပညာအလှများကို ရရှိခဲ့ပါသည်။

BinHai Culture Center ကို ရောက်ရှိပြီး အံ့သြခြင်း၊ တရုတ်ပြည်သူတို့အတွက် ဝမ်းမြောက် ခြင်း၊ ဒီဇိုင်းအလှအနုပညာများကြောင့် ကြည်နူးခြင်း၊ လိုက်လံပို့ဆောင်ပေးကြပါသော တာဝန်ရှိသူလူကြီးမင်း များနှင့် ဘာသာပြန်ပေးပါသော ဌာနမှူး Mr. Cao(ကိုရဲလွင်)တို့ကို ကျေးဇူးတင်ခြင်းဟူသော ခံစားမှုအ သီးသီးကို စီးမျောခံစားမိပါသည်။

(ယခုစာရေးသူမှာ ထျန်းကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ ယခုတိုင် တာဝန်ထမ်းဆောင်နေပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာဘာသာဌာနမှ ဒေါ်သီတာဦးဖြစ်ပါ သည်။)