တရုတ်ရိုးရာအစားအစာများ စတုဒီတာကျွေးမည့် တရုတ်နှစ်သစ်ကူးအကြိုပွဲ မင်္ဂလာမန္တလေးလမ်းေ

2018-02-06 17:42:36 |သတင်းအရင်းအမြစ် 云桥网

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပမည့် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီမှ စတင်ကာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ မင်္ဂလာမန္တလေးလမ်းလျှောက်ဈေးတွင် ကျင်းပမည်ဖြစ်ရာ ယဉ်ကျေးမှုဖျော်ဖြေပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့်အတူ တရုတ်ရိုးရာအစားအစာများကို စတုဒီတာကျွေးမွေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက မင်္ဂလာမန္တလေးရုံးခန်းတွင် ကျင်းပသည့် စာနယ်ဇင်းမိတ်ဆက်ပွဲကသိရသည်။

အဆိုပါ တရုတ်နှစ်သစ်ကူးအကြိုအထိမ်းအမှတ်ပွဲအား မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံး မှကြီးမှူး၍ တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့များဖြစ်ကြသည့် ယူနန်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ ဖူကျန့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ ကွမ်းတုံဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ ကြင်းတောယန်ပရဟိတအသင်းချုပ်နှင့် ကြင်းတောယန်ပရဟိတအမျိုးသမီးအသင်း၊ မန္တလေးလူမျိုးစုဘုံကျောင်း၊ Oversea Chinese Women Association၊ အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီတို့ပူးပေါင်းကာ ကျင်းပခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အပန်းဖြေလည်ပတ်ကာ အမှတ်တရဓာတ်ပုံများရိုက်ရန်နေရာများ စီစဉ်ထားရှိပြီး တရုတ်ယဉ်ကျေးမှုအကအလှများ၊ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကာ တရုတ်တိုင်းရင်းသားရိုးရာအစားအစာများဖြစ်သည့် အီကွေ့၊ ပိန်းဥမုန့်၊ လက်ဖက်ကြက်ဥပြုတ်၊ အော်ကွေ့ကြည်၊ မုန့်ဆီကြော်၊ ရန်ရှင့်ထန်း ကျန်းမာရေးအချိုရည်၊ ဆန်ဖြင့်ပြုလုပ်သော မိကောင်းမုန့်၊ ရှောက်ကောင်း ဂျုံကိတ်မုန့်၊ ထန့်ရန့် မုန့်လုံးရေပေါ်၊ မိဟွားထန် ဆန်လှော်အချိုရည်၊ ချန့်ဆုန်းမြန် တရုတ်ခေါက်ဆွဲ၊ ဖန်းကျောင် ဖက်ထုပ်အချိုကြော်၊ မုန့်လုံးရေပေါ် အစရှိသည်တို့အား စတုဒီတာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းထောက်-ဘဦး