ယူနန်တက္ကသိုလ်၏ နှင်းဆီပန်းလုပ်ငန်း ပန်းစိုက်ခြင်းနှင့် ပန်းမန်မုန့်စားခြင်းကို အတူလေ့လာကြရအောင်

2018-04-18 17:57:47 |သတင်းအရင်းအမြစ် 云桥网

နွေဦးရာသီသည် ပန်းမျိုးစုံ ဝေဆာစွာ အပြိုင်အဆိုင်ဖူးပွင့်လာကြသော ရာသီအချိန်အခါဖြစ်သည်။ ယူနန် ပြည်နယ် ကူမင်းမြို့ ချိန်ဂုံမြို့နယ်ရှိ ယူနန်တက္ကသိုလ်တွင် တရုတ်ဧက(၃၀)ဧကရှိသော နှင်းဆီပန်းများ မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်နေလျက်ရှိသည်။ တောက်ပရွှန်းတင့်သောပန်းမန်ပင်လယ်ကြီးကဲ့သို့ ဖြစ်နေပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရန် ဆွဲဆောင်လျက်ရှိနေသည်။ ထို့အပြင် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် ပန်းမန်မုန့်များ စားရကံကြုံရသည့် အချိန်အခါလည်း ဖြစ်နေပါသည်။ ထိုသည်မှာ ပန်းမန်မုန့်၊ ပန်းမန်ကိတ်၊ ပန်းမန်သကြား၊ နေ့လယ်စာ ပန်းမန်ကြော် စသည်တို့ကို မြည်းစမ်းသုံးဆောင်နိုင်ကြခြင်းဖြစ်သည်။

ပန်းမန်ပင်လယ်ကြီးအလှတရားကို ရှုစားပြီးနောက် ပန်းမန်ဖြင့် ချက်လုပ်ထားသည့်စားစရာများကို စားနိုင်ကြသည့်အရသာမှာ ယူနန်တက္ကသိုလ်၏ ထူးခြားသော "နွေဦးရာသီအရသာ" ဖြစ်သည်။ ယူနန်တက္ကသိုလ် ထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ မုန့်ပဲသရေစာလုပ်ငန်း စီမံခန့်ခွဲသူ လူရှောင်ဟုန်သည် ပန်းမန်ဖြင့် မုန့်ပဲသရေစာများ ပြုလုပ်သည့်အခါတိုင်း စိတ်ကြည်နူးပျော်ရွှင်ဖွယ် ကောင်းလှပါသည်ဟုဆိုသည်။ ထိုအချိန်အခိုက်အတန့်ရောက်ရှိတိုင်း ယူနန်တက္ကသိုလ် ထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ တည်ရှိရာ ပေါင်မုန့်စက်ရုံတွင် ပန်းမန်အနံ့များက ဆွဲဆောင်နေပါတော့သည်။ နှစ်စဉ် ဧပြီလတွင် ပထမအကြိမ် ဆွတ်ခူးရရှိသော နှင်းဆီပန်း(၂၀၀)ကီလိုဂရမ်ကျော်ဖြင့် မုန့်ပဲသရေစာများကို ပြုလုပ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအား မြည်းစမ်းစားသုံးစေသည်ဟု လူရှောင်ဟုန်က ပြောပြသည်။

ပေါင်မုန့်စက်ရုံ၏ ထုတ်ကုန်များအနက် လူကြိုက်အများဆုံးသောမုန့်မှာ ပန်းမန်မုန့်ဟု ဆိုနိုင်ပါသည်။ နေ့စဉ်နေ့တိုင်း ပန်းမန်များစွာကို ပေါင်မုန့်ရုံသို့ ပို့ဆောင်ပေးပြီး မွန်းလွဲ(၃)နာရီလောက် လတ်ဆတ်သော ပန်းမန်မုန့်များ ရရှိပြီဖြစ်သည်။ ညပိုင်းတွင် ယူနန်တက္ကသိုလ်၏ စားသောက်ဆိုင်၊ ကုန်စုံဆိုင်အသီးသီးသို့ ပို့ပေးလိုက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများသည် ဒုတိယနေ့ နံနက်စောစောပိုင်းတွင် အရသာကောင်းမွန်သော ပန်းမန်မုန့်ကို စားသုံးနိုင်ကြပြီဖြစ်သည်။ "တစ်ခါတစ်လေ ကျွန်မတို့ထုတ်လုပ်တဲ့ ပန်းမန်မုန့်တွေစားချင်ရင် ကြိုတင်မှာရမယ်။ တစ်နေ့ကို တစ်ထောင်ကျော် ရောင်းကုန်တယ်။ စားလို့လည်းကောင်းတယ်။ ဈေးလည်းချိုတယ်။"ဟု လူရှောင်ဟုန်က မိတ်ဆက်ပြောပြသည်။ ပေါင်မုန့်စက်ရုံ၏ ထုတ်ကုန်များကို ယူနန်တက္ကသိုလ်လက်အောက်ခံ မူကြိုကျောင်း၊ အလယ်တန်းကျောင်းနှင့် ယူနန်တက္ကသိုလ် စသည်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း သိရသည်။