ကူမင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အခမ်းအနား ကျင်းပ

2018-04-23 18:16:13 |သတင်းအရင်းအမြစ် 云桥网

ကူမင်းအခြေစိုက် မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံးမှ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အခမ်းအနားကို ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးစိုက်ရာနေရာတွင် ကျင်းပရာ ယူနန်ပြည်နယ် ပြည်ပနှင့် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌကျိုးဟုန်၊ ကူမင်းမြို့အခြေစိုက် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန်ချုပ်၊ ကူမင်း၊ တာလီစသည့်ဒေသရှိတက္ကသိုလ်များမှ တာဝန်ခံများ၊ ယူနန်ပြည်နယ်ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ဆရာဆရာမများ၊ ပညာတော်သင်များ၊ ယူနန်တွင် မြန်မာစာသင်ယူနေကြသည့် တရုတ်ကျောင်းသူ ကျောင်းသားများက သင်္ကြန်ပွဲသို့ ပါဝင်တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပထမဦးစွာအနေဖြင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်သည် မြန်မာ့ သင်္ကြန်ပွဲတော်၏ယဉ်ကျေးမှုကို မိတ်ဆက်ပြောကြားရာ "သင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းကုန်လို့ နှစ်သစ် ကို ကြိုဆိုခြင်းဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်မှာ ကျွန်တော်တို့က လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတိုင်း အချင်းချင်း ရေပက်ကစားခြင်းကတစ်ဆင့် နှစ်သစ်ဆုမွန်ကောင်းတောင်းကြပါတယ်။" ဟု ထည့်သွင်း ပြောကြားသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်အခမ်းအနားတွင် တရုတ်နှင့် မြန်မာကျောင်းသူကျောင်းသားများသည် အဆို အက ဖျော်ဖြေမှုအစီအစဉ်များဖြင့် တင်ဆက်ကြသည်။“ယူနန်မှာ မြန်မာစာသင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေက မြန်မာဝတ်စုံဝတ်ပြီး မြန်မာဘာသာနဲ့ သင်္ကြန်သီချင်းသီဆို ကပြတင်ဆက်ကြ တယ်။ ဒါက ဒီနှစ်မှာ ကျွန်တော်တို့သင်္ကြန်ပွဲရဲ့ ထူးခြားချက်တစ်ရပ်ဖြစ်ပါတယ်”ဟု ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်က ပြောသည်။

အဆိုပါသင်္ကြန်ပွဲတွင် ကောင်စစ်ဝန်ချုပ်ရုံးသည် ရန်ကုန်မြို့မှအနုပညာရှင် စိုးသန်းထွန်းကို သီးသန့်ဖိတ်ကြားပြီး အနုပညာရှင် စိုးသန်းထွန်းက မြန်မာ့ရိုးရာအကဖြစ်သောပုဂံအကဖြင့် ဖျော်ဖြေတင်ဆက်သည်။

ဖွင့်ပွဲအခမ်းအနားမပြီးခင်မှာပင် ဧည့်သည်တော်များက ရေပုံး၊ ဇလုံ၊ ရေပြွတ်စသဖြင့် ရေပက်ခြင်းကို စတင်ခဲ့ကြသည်။ ကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်က ရေပက်ကစားနိုင်ပြီဟု ကြေငြာလိုက်ချိန်တွင် ဧည့်သည်တော်များက ရေပက်ကစားရန်အတွက် တက်ကြွစွာပါဝင်ခဲ့ပြီး အပြန်အလှန်ရေပက်ခြင်းဖြင့် နှစ်သစ်ဆုမွန်ကောင်းများ တောင်းပေးကြပါသည်။

အဆိုပါသင်္ကြန်ပွဲသည် ကူမင်းအခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပသော တတိယ အကြိမ်သင်္ကြန်ပွဲအခမ်းအနားဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်ကပြောသည်။