ယူနန်လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမှု(၂) -- ဘလောင်းတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ

2018-05-15 18:34:30 |သတင်းအရင်းအမြစ် 云桥网

ဘလောင်းတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ--လက်ဖက်ခြောက်အချဉ်သောက်သုံးနိုင်မည့်အချိန်ရောက်လျှင် သတို့သားနှင့်သတို့သမီး အိမ်ထောင်ပြုကျနိုင်သည်။

ဖူလ်မြို့ လန်ချန်းခရိုင်ရှိ သမိုင်းနှစ်ပေါင်းထောင်ချီလျက်ရှိသော ဘလောင်းတိုင်းရင်း သား ဝမ်ကျီရှေးဟောင်းကျေးရွာတွင် လူသိများထင်ရှားသည်မှာ ဒေသခံများ "စိုက်ရှင်"ဟု ခေါ်ဝေါ်သည့် ပူဇော်သက္ကာရနေရာဖြစ်သည်။ စိုက်ရှင်သည် ဝမ်ကျီရှေးဟောင်းကျေးရွာ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ဘလောင်းလူမျိုးတို့သည် ၎င်းရှေ့တွင် ပုဆစ်တုတ်၍ ရှိခိုးကြသည်။ အထူးသဖြင့် လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်ရာတွင် စိုက်ရှင်ထံသို့ ဆုမွန်ကောင်းတောင်းရန် မဖြစ်မနေ လာရောက်ရှိခိုး တောင်းဆုပြုကြသည်။ ထို့ကြောင့်လည်း ဤနေရာသည် ရှေးဟောင်းကျေးရွာမှ ရွာသူရွာသားများ၏ အစဉ်အဆက် အပြောင်းအလဲ၊ ချစ်ခြင်းမေတ္တာနှင့် လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာပြုခြင်းတို့၏ မျက်မြင်သက်သေပင် ဖြစ်ပါသည်။

ကြိုက်မကြိုက်ဆိုသည်ကို လက်ဖက်ရည်ကြမ်း သောက်သုံးရာတွင် သိရှိနိုင်သည်။

ဘလောင်းအမျိုးသမီးလေး ယွီနီသည် ၂၀၁၆ ခုနှစ် နွေဦးရာသီက ဝမ်ကျီရှေးဟောင်း ကျေးရွာတွင် ဘလောင်းတိုင်းရင်းသားများ၏ ရှေးအကျဆုံးသော ဓလေ့ထုံးစံများအတိုင်း လက်ထပ်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။ သို့သော်လည်း မိမိ၏ ချစ်ခြင်းမေတ္တာမှာ ဘလောင်းလူမျိုးရှေးရိုးရာချစ်ရေးကြိုက်ရေးနှင့် နှိုင်းယှဉ်ပါက တော်တော်ကွာခြားပါသည်။

"ဘလောင်းလူမျိုးသည် ချစ်သူရှာဖွေကြရာတွင် လယ်ယာအလုပ် လုပ်ကိုင်ကြရင်း တွေ့ဆုံနိုင်သည့်အပြင် လက်ဖက်ခြောက်ပွဲတော်နှင့် သင်္ကြန်ပွဲတော် စသည့်ပွဲတော်များတွင် လူငယ်များဆုံစည်းပြီး ချစ်သောသူကို ရှာဖွေတွေ့ရှိတတ်ကြသည်။" အဆိုပါပွဲတော်များတွင် ယွီနီ၏အဘွားသည် မိမိ၏ခင်ပွန်းနှင့် တွေ့ဆုံခဲ့သည်ဟု ယွီနီ၏အဘွားလေခန့်က ယွီနီကို ပြောပြသည်။

ယွီနီ၏အဘွားသည် လှပတင့်တယ်သည့်အမျိုးသမီးဖြစ်သည်။ သူ့အား ချစ်ကြိုက် သည့်ကောင်လေးများစွာရှိပါသည်။ ညပိုင်းတွင် ကောင်လေးများသည် လေခန့်၏အိမ်ရှိ မီးလှုံမြေတွင်းဘေးနားတွင် ဝိုင်းဖွဲ့ကာ သီချင်းသီဆိုကြသည်။ လေခန့်၏ စိတ်ထဲမှာ ချစ်ကြိုက်သည့်ကောင်လေးတစ်ယောက် တွေ့ရှိနေပြီဖြစ်သည်။ ကောင်လေးတိုင်း၏ ရှေ့တွင် ဝါး သို့မဟုတ် သစ်သားဖြင့် ပြုလုပ်သည့်ရေခွက်ကို တင်ထားကာ လက်ဖက်ခြောက်လည်း ထည့်ထားပါသည်။ အိမ်ရှင်က ရေခွက်ထဲသို့ ရေနွေးလောင်းထည့်ပေးသည်။ ရေနွေးထည့်ခြင်းဖြင့် ကောင်မလေးက မိမိ၏ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ကြပါသည်။ ချစ်ကြိုက်သည့်ကောင်လေးဖြစ်လျှင် ရေနည်းနည်းပဲ ထည့်ပါသည်။ မိမိအိမ်တွင် အချိန်ကြာကြာနေရန် ဖြစ်သည်။ မချစ်ကြိုက်သူကိုတော့ ရေများများ ထည့်ပေးသည်။ ရေနွေးကြမ်းမြန်မြန် သောက်ပြီး အိမ်သာသွားကာ မိမိအိမ်ကို မြန်မြန်ပြန်စေချင်သည့်သဘောဖြစ်သည်။

လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်ရာတွင် လက်ဖက်ခြောက်သည် မပါမဖြစ် ပါရသည်။

အခြားလူမျိုးနှင့် လက်ထပ်ထိမ်းမြားသည့် ဘလောင်းလူမျိုးများပြားလာသော်လည်း ဝမ်ကျီရှေးဟောင်းကျေးရွာတွင် ဘလောင်းတိုင်းရင်းသား၏ လက်ထပ်ထိမ်းမြား မင်္ဂလာဓလေ့ထုံးစံကို ယနေ့ထိထိန်းသိမ်းထားပါသည်။ ဘလောင်းတိုင်းရင်းသား လက်ထပ်ထိမ်းမြားမင်္ဂလာဓလေ့ထုံးစံအားဖြင့် လက်ဖက်ခြောက်မှာ အရေးကြီးပါသည်။ ထိမ်းမြားမှုအတွက် လာရောက်စေ့စပ်သည့်အခါဖြစ်စေ၊ စေ့စပ်ကြောင်းလမ်းထားသည့်အခါဖြစ်စေ၊ မင်္ဂလာဆောင်သည့်အခါဖြစ်စေ၊ အိမ်ထောင်ကျပြီးသည့်အခါဖြစ်စေ လက်ဖက်ခြောက်သည် မရှိမဖြစ် ဖြစ်ပါသည်။
"လက်ဖက်ခြောက်သည် ဘလောင်းလူမျိုး၏ ဝိညာဉ်ဖြစ်သည်။" ဟူသည့်ဆိုရိုးအတိုင်း လူ့ဘ၀တွင် အရေးကြီးသော ထိမ်းမြားမင်္ဂလာဆောင်တွင် လက်ဖက်ခြောက်မှာ မပါမဖြစ် ပါရသည်။ ဦးလေးဦးကြီးသည် ဘလောင်းလူမျိုး ထိမ်းမြားမင်္ဂလာဆောင်တွင် ပထမဦးဆုံး မျက်မြင်သက်သေဖြစ်သည်။ လူငယ်များသည် မိမိ၏ စိတ်သဘောထားကို ဆွေမျိုးများအား အရင်ဆုံး အသိပေးကြသည်။ ထို့ပြင် ဆွေမျိုးများမှတစ်ဆင့် မိဘသို့ ပြောပေးရသည်။ ကောင်လေး၏မိဘသည် ထိမ်းမြားမှုအတွက် သွားရောက်စေ့စပ်ရန် မိမိဆွေမျိုးကို ကောင်မလေးအိမ်သို့ စေလွှတ်သည်။ လက်ဖက်ခြောက်တစ်ထုပ်နှင့် အရက်တစ်ဗူးကို လက်ဆောင်အဖြစ် ကောင်မလေးအိမ်ကို ပေးပို့လိုက်သည်။ ကောင်မလေး၏ မိဘသည် သဘောတူသည်ဆိုလျှင် ၎င်းလက်ဆောင်များကို လက်ခံထားလိုက်သည်။

စေ့စပ်ကြောင်းလမ်းသည့်အခမ်းအနားတွင် နှစ်ဦးနှစ်ဖက်မိသားစုတို့သည် တစ် အိမ်တည်းတွင် အတူထိုင်ကာ လက်ဖက်ကြမ်းသောက်ရင်းနှင့် စေ့စပ်ဆွေးနွေးကြသည်။ အိမ်ထောင်ပြုမည့်အကြောင်းကို ဆွေမျိုးများအား အရင်ပြောပြပေးပြီး မင်္ဂလာဆောင်မည့် အချိန်နှင့်နေရာကို အတူဆွေးနွေးကြသည်။ ဘလောင်းလူမျိုးတို့သည် မင်္ဂလာဆောင်အခမ်းအနားကို သုံးရက်ကြာ ကျင်းပလေ့ရှိသည်။ ဒုတိယနေ့တွင် တရားဝင်အခမ်းအနားကျင်းပခြင်း ဖြစ်သည်။ ထိုနေ့နံနက်(၆)နာရီတွင် သတို့သားသည် မိဘကိုကန်တော့ပြီး သတို့သမီး၏အိမ်သို့သွားရောက်ကာ မင်္ဂလာဆောင်အခမ်းအနား ကျင်းပသည်။ ထိမ်းမြားမင်္ဂလာဆောင်အပြီး ဧည့်သည်တော်များသည် သတို့သားနှင့်သတို့သမီးအား သတို့သားအိမ်ကို လိုက်ပို့ကြသည်။ သတို့သမီးက အိမ်ကို မ၀င်ခင် မင်္ဂလာဆောင်သီချင်းကို သီဆိုရသည်။