တိုင်(ရှမ်း)တိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ - မီးဖိုနားဘေး ချစ်ရေးဆို
ဖူလ်မြို့လာဟူတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကျင့်မိုင်တောင် တွင် တိုင်(ရှမ်း) တိုင်းရင်းသားလူငယ်များသည် ချစ်ရေးဆိုရာတွင် လွတ်လပ်ခွင့်အပြည့် ရှိကြသော်လည်း အများပြည်သူသွားလာဝင်ထွက်သောနေရာတွင်မူ ချစ်ရေးဆိုခွင့်မပြုပေ။ များသောအားဖြင့် ဆိတ်ငြိမ်သည့်ညဥ့်နက်ချိန်တွင် ကောင်လေးက ကောင်မလေးအိမ်သို့ တိတ်တဆိတ်ရောက်လာပြီး မီးဖိုဘေးတွင် ချစ်ရေးဆိုလေ့ရှိပါသည်။
မီးဖိုဘေးမှာ ချစ်ရေးဆိုသည်
ကျင့်မိုင်တောင်တွင် တိုင်(ရှမ်း)တိုင်းရင်းသားအမျိုးသမီးငယ်သည် အသက်(၁၆)နှစ် ပြည့်ချိန်တွင် တစ်ယောက်တည်း အိပ်ရတော့မည်။ မိဘများက အိမ်ဆောက်စဉ်ကတည်းက တိုက်အိမ်ရှိကြမ်းပြင်တွင် လက်ချောင်းအရွယ် အပေါက်ကလေးတစ်ခုကို တမင်တကာဖောက်ထားသည်။ ဆိတ်ငြိမ်သည့်ညဥ့်နက်ချိန်တွင် ကောင်လေးသည် မိဘပြင်ဆင်ထားသော စောင်ဖြင့် ခေါင်းမြီးခြုံပြီး သူချစ်ကြိုက်သောကောင်မလေးအိမ်ကို အရောက်သွားကာ အဆိုပါအပေါက်ကလေးမှတစ်ဆင့် တုတ်တံကလေးတစ်ခုဖြင့် ထိုးလိုက်ပြီး ကောင်မလေးအား နိုးလာစေသည်။ ထိုအချိန်တွင် ကောင်မလေးက ကောင်လေးကို ကြိုက်မကြိုက်လျှင် အိပ်ရာမှထကာ မီးဖိုတွင်မီးမွှေးပြီး ကောင်လေးကို တိုက်အိမ်သို့ ယဉ်ယဉ်ကျေးကျေး ခေါ်လာပြီး မီးဖိုဘေးနားတွင် ထိုင်စေပါသည်။
ကောင်မလေးက ကောင်လေးကို ချစ်ကြိုက်ပါက မီးငြိမ်းစေပြီး မီးဖိုတွင်းတွင် နီရဲရဲဖြစ်လာသည့် မီးခဲများသာ ထိန်းထားကာ ထိုင်ခုံကို ကောင်လေးဘေးနားသို့ရွှေ့ပြီး အသံတိတ်တိတ်ဆိတ်ဆိတ်နှင့် စကားစမြည်ပြောကြသည်။
ထိုသို့ နှစ်ဦးသား အချင်းချင်း စည်းဝါးကျစွာပြောဆိုကြပြီး နောက်နေ့များတွင် မီးဖိုဘေး၌ ညတိုင်း ချိန်းဆိုကြတော့သည်။ သုံးလေးနှစ်ကြာပြီးနောက် နှစ်ဦးနှစ်ဖက်သည် နက်ရှိုင်းတည်ကြည်သော ချစ်ခြင်းမေတ္တာတွယ်ငြိလာပြီး "ညီမလေး၊ ငါနဲ့ အိမ်ထောင်ပြုကြရအောင်"ဟု ကောင်လေးက သတိထက်ထက်မြက်မြက်ဖြင့် ကောင်မလေးကို မေးပါသည်။ "အစ်ကို၊ ညီမလေးရဲ့ ဖေဖေမေမေကို သွားမေးပါ။"ဟု ကောင်မလေးက ရှက်အမ်းအမ်းဖြင့် ပြန်ဖြေပါသည်။
ကောင်မလေးက ဤကဲ့သို့ဖြေပါက ထိမ်းမြားလိုကြောင်း ပြသခြင်းဖြစ်ရာ ကောင်လေအတွက် ဘ၀ဖော်ခရီးစဉ်တွင် ခရီးတစ်ဝက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုနည်းတူ ဆိတ်ငြိမ်သည့်ညဥ့်နက်ချိန်တွင် ကောင်လေးက စောင်ကိုခြုံပြီး ကောင်မလေးအား လာရောက်နိုးကာ ကောင်မလေး၏ မိဘအား အပြင်သို့ ဖိတ်ခေါ်လိုက်သည်။ ကောင်လေးက ဖုတ်ပူမီးတိုက် ရိုးရိုးဖြောင့်ဖြောင့်နှင့် စေတနာသန့်သန့်ဖြင့် သူအား သမီးနှင့်ပေးစားပါရန် မိဘနှစ်ပါးအား အနူးအညွတ်တောင်းပန်ရာ ကောင်မလေး၏မိဘတို့သည် ရွှင်လန်းနှစ်သက်စွာ သဘောတူလိုက်ပါသည်။
လက်ကောက်ဝတ်ကို ကြိုးဖြင့်စည်းသည်မှာ တိုင်(ရှမ်း)တိုင်းရင်းသား၏ ထိမ်းမြားမင်္ဂလာဆောင်သက်သေခံလက်မှတ်ပင်ဖြစ်သည်
တိုင်(ရှမ်း)တိုင်းရင်းသား ထိမ်းမြားမင်္ဂလာဆောင်အခမ်းအနားကျင်းပသည့်နေ့ မနက်ပိုင်းတွင် သတို့သားသည် လူငယ်ယောက်ျားလေး(၁၀)ယောက်ကျော်အား ဖိတ်ခေါ်ပြီး သတို့သမီး၏ မိဘအိမ်သို့ လက်ဖွဲ့ပစ္စည်းနှင့်အတူ သွားကြသည်။ ကျေးရွာအဆင့် ရုံးအမှုထမ်းနှင့် အသက်ကြီးသူများကိုလည်း ဖိတ်ကြားပြီး သတို့သမီး၏ မိဘအိမ်တွင် ကျင်းပသော လက်ထပ်မင်္ဂလာအခမ်းအနားပွဲ၌ သက်သေအဖြစ် တက်ရောက်စေသည်။ ထို့နောက် ကျေးရွာမှသက်ကြီးဝါကြီးများ၏ ဦးစီးဦးဆောင်မှုဖြင့် သတို့သားနှင့်သတို့သမီးသည် ကြိုးစည်းသည့် အခမ်းအနားပွဲကို ကျင်းပဆင်နွှဲကြသည်။ သက်ကြီးဝါကြီးတို့သည် တဖွဖွဆုတောင်းမေတ္တာပို့သရင်းနှင့် သတို့သားနှင့်သတို့သမီးတို့သည် သတို့သမီး၏မိဘတို့အား ဒူးတုပ်၍ ကန်တော့သည်။ သတို့သမီး၏မိဘသည် သူတို့အတွက် မင်္ဂလာကျက်သရေအပေါင်းပြည့်စုံသည့် ကြိုးစည်းပေးသည်။
တိုင်(ရှမ်း)တိုင်းရင်းသား၏ယူဆချက်အရ ကြိုးစည်းပြီးမှသာ လင်မယား အရာမြောက်သည်ဟု ဆိုကြသည်။ ကြိုးစည်းသည်မှာ မြို့ပြဆိုင်ရာလုပ်ငန်းဌာနတွင် ထိမ်းမြားမင်္ဂလာဆောင်သက်သေခံလက်မှတ်ကို တောင်းခံထုတ်ယူသကဲ့သို့ ဖြစ်သည်။ အိမ်ထောင်ပြုသည့်နေ့တွင် အဖြူရောင်ကြိုးဖြင့် သတို့သားနှင့်သတို့သမီး၏ လက်ကောက်ဝတ်ကို တစ်ပတ်ပြီးတစ်ပတ် ချည်နှောင်ရစ်ပတ်သည်။ မင်္ဂလာအပေါင်းနှင့်ပြည့်ဝသော အဖြူရောင်ကြိုးအား မင်္ဂလာဆောင်အခမ်းအနားအပြီး ၃ ရက်မှ ၇ ရက်ကြာမှသာ ချွတ်လိုက်ကာ အမြတ်တနိုး သိမ်းဆည်းထားလေ့ရှိသည်။