(၁၀)ကြိမ်မြောက် လီကျန်ဟွာဖိန်သရက်သီးပွဲတော် သြဂုတ်လတွင် ကျင်းပမည်

2018-07-25 18:54:33 |သတင်းအရင်းအမြစ် 新华网

"တရုတ်သရက်သီးနယ်မြေ၊ မြစိမ်းရောင်ဟွာဖိန်"ဟူသော အဓိကဆောင်ပုဒ်ဖြင့် (၁၀)ကြိမ်မြောက် လီကျန်ဟွာဖိန်သရက်သီးပွဲတော်ကို သြဂုတ်လ(၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့များတွင် ယူနန်ပြည်နယ် လီကျန်မြို့ ဟွာဖိန်ခရိုင်တွင် ကျင်းပမည်ဖြစ်ကြောင်း (၁၀) ကြိမ်မြောက် လီကျန်ဟွာဖိန်သရက်သီးပွဲတော် စည်းရုံးရေးကော်မတီ၏ ဇူလိုင်လ (၂၃)ရက်နေ့က ထုတ်ပြန်သည့်သတင်းအရ သိရသည်။

ဤပွဲတော်တွင် ဟွာဖိန်ခရိုင်မှ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှုမူဝါဒကျင့်သုံးသည့် အနှစ်(၄၀)ပြည့်ဂုဏ်ပြုပွဲနှင့် (၁၀)ကြိမ်မြောက် လီကျန်ဟွာဖိန်သရက်သီး ပွဲတော်ဖွင့်ပွဲအခမ်းအနား၊ "တရုတ်သရက်သီးနယ်မြေ--မြစိမ်းရောင်ဟွာဖိန်" အနုပညာပဒေသာကပွဲ၊ ယူနန်ခရီးသွားလာရေးလေးရာသီဖိုရမ်--"တရုတ်သရက်သီး နယ်မြေ၊ မြစိမ်းရောင်ဟွာဖိန်"ခရီးသွားလာရေးမိတ်ဆက်ကြော်ငြာပွဲစသည့်အစီအစဉ်များ ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကျင်းပမည့်ကာလတွင် အနုပညာရှင် ၁၀၀ ကျော်တို့၏ "သရက်သီးမွှေးရနံ့ သင်းပျံ့ရာနေရာ"ဟူသော ပန်းချီနှင့်ဓာတ်ပုံပြပွဲ၊ တရုတ် သရက်သီးနယ်မြေဟွာဖိန် လယ်ယာအထူးထွက်ကုန်ပြပွဲနှင့် စားကောင်းသောက်ဖွယ်များပြပွဲ၊ အကောင်းဆုံးသရက်သီးရွေးချယ်ပွဲစသည့်လှုပ်ရှားမှုများကို စည်းရုံးရေးကော်မတီမှ ကျင်းပရန် စီစဉ်ထားရှိသည်။

ယူနန်ပြည်နယ်အနောက်မြောက်ပိုင်းတွင် တည်ရှိသော လီကျန်မြို့ ဟွာဖိန်ခရိုင်သည် ယူနန်ပြည်နယ်၏ တမူထူးခြားသော အမှည့်နှောင်းသရက်သီးစိုက်ပျိုးရာဒေသနှင့် တရုတ် နိုင်ငံ မြောက်ဆုံးပိုင်းဒေသ၏ သရက်သီးထွက်ရှိရာနေရာတစ်ခုဖြစ်ကြောင်း၊ ဟွာဖိန်သရက်သီးသည် "နိုင်ငံတော် ပထဝီသင်္ကေတပြုသော ကုန်ပစ္စည်း"နှင့် "တရုတ်နိုင်ငံ အရည်အသွေးကောင်းမွန်သော၊ နာမည်ကျော်သောသစ်သီးဝလံ ထွက်ရှိရာဒေသရှိ ကုန်အမှတ်တံဆိပ်" စသည်တို့ဖြင့် အသိအမှတ်ပြုခြင်းကို ခံရကြောင်း၊ သရက်သီးလုပ်ငန်း အဓိကလုပ်ကိုင်သော ယုံကျန်းမြို့နယ်နှင့် လုံးဘမြို့နယ်တို့သည် တရုတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ချီးမြှင့်ပေးသော "တရုတ်ကျေးရွာတစ်ရွာ ထွက်ကုန်တစ်ခု စံပြမြို့နယ်နှင့် ကျေးရွာ"ဂုဏ်ထူးဘွဲထူးကို ရှေ့ဆင့်နောက်ဆင့် ခံခဲ့ရကြာင်း သိရသည်။ (သတင်းထောက်-Li Ning)

လီကျန်ဟွာဖိန်သရက်သီးများကို တွေ့ရစဉ်။

လီကျန်ဟွာဖိန်မှ တောင်သူလယ်သမားများသည် သရက်သီး ခူးယူနေစဉ်။

လီကျန်ဟွာဖိန် သစ်သီးဝလံတောင်ကို တွေ့ရစဉ်။

အထွက်နှုန်းကောင်းလှသော သစ်သီးဝလံခြံကို တွေ့ရစဉ်။

လီကျန်ဟွာဖိန် ရွှေဝါရောင်သရက်သီးများကို တွေ့ရစဉ်။