“စကားပြောတတ်ရင် သီချင်းဆိုတတ်တယ်ဆို။ လမ်းလျှောက်တတ်ရင် အကကတတ်တယ်ဆို။ ဒါဆိုရင် အာဆန်ဟာ ငယ်ငယ်ကတည်းက ကိုကျွမ်အက ကတတ်သလားနော်။”
“မဟုတ်ပါဘူး။ ကျွန်တော် အသက်(၄၀)ကျော်မှ စပြီးသင်ယူ ကတတ်ခဲ့တာပါ။”
သြဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွ င့်ရပြည်နယ်ခွဲ တယ်ချင်ခရိုင်ပိန်ကျီလန်မြို့နယ်ယဉ်ကျေးမှုဌာန လေ့ကျင့်ရေးအခန်းတွင် အသက်(၆၂)နှစ်ရှိပြီဖြစ်သည့် အာဆန်သည် ရွာသူရွာသားတို့နှင့်အတူ တိဗက်ရိုးရာ တိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်ကြကာ ပိန်ကျီလန်ကိုကျွမ်အကကို ကပြတင်ဆက် နေပါသည်။ အဆိုပါအကမှာ တရုတ်နိုင်ငံတော်အဆင့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော တီချင့်ကိုကျွမ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခုအချိန်တွင် သမိုင်းသက်တမ်း နှစ်ပေါင်း (၁၅၀၀) ကျော်ရှိပြီဖြစ်သည်။
အာဆန်သည် ပိန်ကျီလန်မြို့နယ် ပိန်ကျီလန်ရွာ ကိုကျွမ်အကတင်ဆက်မှုအဖွဲ့၏ အဓိက အကဆရာကြီးတစ်ဦးဖြစ်သည်။ ကျွန်မတို့ တိဗက်တိုင်းရင်းသားစကားဖြင့် သီဆိုသည့်သီချင်းကို နားမလည်သော်လည်း အာဆန်သည် သက်ဝင်စွာ တင်ဆက်ပြသနေသည်ကို စိတ်ဝင်စားစွာဖြင့် ရှုစားနိုင်ပါသည်။
“ဘာဖြစ်လို့ အသက်(၄၀)ကျော်ကျမှ စသင်တာလဲ။”ကျွန်မတို့ကို အံ့သြစိတ်ဖြစ်စေသည်။
“အရင်က သင်တဲ့အချိန်မရှိဘူးလေ။ ၀အောင် မစားနိုင်တဲ့ခေတ်မှာ သင်ချင်တဲ့စိတ်လည်းမရှိဘူး။ အခုမှ လယ်သမားမိသားစုများ ကန်ထရိုက်နဲ့ ကုန်ထုတ်လုပ်တဲ့စနစ်ကို ကျင့်သုံးပြီးနောက် နေထိုင်မှုဘ၀ တစ်နေ့တခြား ကောင်းမွန်လာတယ်။ ကျွန်တော် အသက်(၄၀)ကျော်ကျော်က ရွာမှာ ကိုကျွမ်အက ကတဲ့ရွာသားတွေ များလာပြီ။ ကျွန်တော်လည်း သင်တဲ့အချိန် ရှိလာပါတယ်။ အဲဒီအချိန်မှာ အတူတူကဖြစ်လာပါတယ်။”ဟု အာဆန်သည် ပျော်ရွှင်ကြည်နူးစွာ ပြောပြပါသည်။
“ပိန်ကျီလန်ကတာ ဂရုပြုစရာအချက်များစွာ ရှိပါတယ်။ ကျွန်တော် (၄)နှစ်ကြာ သင်ပြီးနောက် တကယ်ကတတ်လာတယ်။ ဆိုတတ်လာတယ်။ ဒီနှစ်တွေမှာ ယဉ်ကျေးမှုဌာနက စီမံမှုကြောင့် ပိန်ကျီလန်ရွာက အိမ်ထောင်စု(၁၀၉)စုရဲ့ ရွာသား(၃၀၀)ကျော်တို့ ကိုကျွမ် ကတတ်လာကြတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ ကရင်းနဲ့ ကရတဲ့အလုပ်များလာပါတယ်။ အလုပ်များရင် ပျော်တာပေါ့။”ဟု အာဆန်က ပြောပြပါသည်။ အသက်(၆၀)ကျော်နှစ်ရှိပြီဖြစ်သော်လည်း အာဆန်က ပို၍ တက်ကြွလန်းဆန်းလာပါသည်။ “ကိုကျွမ်ကတာ အလုပ်ဘယ်လောက် ဖြစ်နိုင်သလဲ။” ကျွန်မတို့စိတ်မှာ မရှင်းမလင်းဖြစ်မိပါသည်။
“ဒီနှစ်တွေမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနဲ့ဆက်ခံတာအတွက် အလေးထားဖော်ဆောင်လာတယ်။ ရွာသူရွာသားတို့ ကိုယ့်တိုင်းရင်းသားလူမျိုးစုရဲ့ ယဉ်ကျေးမှုအပေါ် ပိုပြီး သိရှိလာတာနဲ့အတူ ဂုဏ်ယူမိပါတယ်။ ဆက်ခံလာတာနဲ့အတူ ပိုပြီး နှစ်သက်လာပါတယ်။ ကျေးရွာတိုင်းဖြစ်ဖြစ် အိမ်တိုင်းဖြစ်ဖြစ် သုမင်္ဂလာဒုမင်္ဂလာကစ္စတွေ ကြုံတွေ့ရင်ပဲဖြစ်စေ နှစ်သစ်ကူးပွဲတော်၊ အိမ်ဆောက်တဲ့အချိန်၊ ဧည့်သည်ကြိုဆိုတဲ့အချိန်၊ သီးထွက်ကောင်းပွဲတော်စတဲ့နေ့ထူးနေ့မြတ်တွေမှာပဲဖြစ်စေ ကိုကျွမ်အက ကရမယ်လေ။ ဒါ့ပြင် လွန်ခဲ့တဲ့နှစ် ဧပြီလကစပြီး ပိန်ကျီလန်မြို့နယ်မှာ လတိုင်း(၁၅)ရက်နေ့၊ (၁၆)ရက်နေ့မှာ ကုန်စည်ဖလှယ်ရေးပြပွဲကို ကျင်းပလာပါတယ်။ အမှန်ကတော့ ရွာတိုင်းက ရွာသားတို့ ဆုံဆည်းပြီး ကိုကျွမ်အက ကကြတာဖြစ်တယ်။”အာဆန်သည် တစ်နှစ်တွင် ဘယ်နှစ်ကြိမ် ကပြနိုင်မည်ကို ရေတွက်သည့်အခါ ပန်းမန်ကဲ့သို့ ပြုံးလာသည်။ ပိုက်ဆံရေတွက်တာထက် ပို၍ စိတ်လှုပ်ရှားသည်။
(ယူနန်နေ့စဉ်သတင်းစာသတင်းထောက် -- Chu Donghua၊ Xiong Yan၊ Zhang Ruogu၊ Li Wenjun)