ယူနန်မီဒီယာသတင်းစာအဖွဲ့ ကမ္ဘောဒီးယားတရုတ်ယဉ်ကျေးမှုစင်တာသို့ သွားရောက်လေ့လာ

2018-11-16 16:45:11 |သတင်းအရင်းအမြစ်

ဖနွမ်ပင်မြို့၏ ညနေပိုင်းသည် မီးရောင်ထိန်လင်းလှပနေပြီး ဖနွမ်ပင်တရုတ်စာကြည့်တိုက်နှင့် တရုတ်ယဉ်ကျေးမှုစင်တာအတွက် တစ်နေ့တာ၏ ဒုတိယအပိုင်း အစည်ကားဆုံးအချိန်လည်း ဖြစ်သည်။ ပထမနှင့်ဒုတိယထပ်ရှိ စာအုပ်ဆိုင်တွင် ငြိမ်သက်စွာစာဖတ်နေကြသူများကို တွေ့မြင်နိုင်သည်။ တတိယ ထပ်သည် တရုတ်စာသင်တန်းခန်းမဖြစ်ပြီး ကျောင်းသူကျောင်းသားများသည် ဆရာ၏သင်ကြားနေမှု နှင့်အတူ စာသင်ယူနေကြပုံကိုလည်း ကျွန်မတို့ တွေ့မြင်ရသည်။ စတုတ္ထထပ်နှင့် ကျန်အထပ်များတွင် တရုတ်ရိုးရာတူရိယာ၊ စုတ်တံလက်ရေးပညာ၊ ဝူရှူးသိုင်းပညာများ သင်ကြားပေးသည့် နေရာများဖြစ် သည်။ အပေါ်ထိပ်ဆုံးထပ်တွင် တရုတ်လက်ဖက်ရည်ပညာ လေ့လာခန်းတစ်ခန်း ရှိပြီး ယူနန်လက်ဖက် ခြောက်များကို ပြသထားသည်။

“ရုံးပိတ်ရက်မှာ ပိုစည်ကားတယ်”ဟု ဖနွမ်ပင်တရုတ်စာကြည့်တိုက်နှင့် တရုတ်ယဉ်ကျေးမှု စင်တာ၏ တာဝန်ရှိသူ ကျင်းယမ်ကန်းက ယူနန်မီဒီယာသတင်းစာအဖွဲ့ကို ပြောကြားခဲ့သည်။

ဖနွမ်ပင်တရုတ်စာကြည့်တိုက်နှင့် တရုတ်ယဉ်ကျေးမှုစင်တာသည် ကူမင်းရှင်းကြီးကုမ္ပဏီအုပ်စု လက်အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်ပြီး ယူနန်ပြည်နယ်တွင် စောစီးစွာ နိုင်ငံခြားသို့ ဝင်ရောက်သော လုပ်ငန်းတစ်ခုဟုလည်း ပြောနိုင်သည်။ ဖနွမ်ပင်တရုတ်စာကြည့်တိုက်သည် ၂၀၁၁ ခုနှစ် အောက်တို ဘာလတွင် စတင်တည်ထောင်ပြီး ၂၀၁၅ ခုနှစ် အကြိုဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်သည် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီးစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံနန်းရင်းဝန် Samdech Hun Sen နှင့်အတူ တရုတ်ယဉ်ကျေးမှုစင်တာအား ဆိုင်းဘုတ်တင်ဖွင့်လှစ်ပေးခဲ့သည်။

စာကြည့်တိုက်ကိုဝင်လိုက်သည်နှင့် ပထမဦးဆုံးတွေ့နိုင်သည်မှာ ကမ္ဘောဒီးယားဘာသာဖြင့် ထုတ်ဝေသော 《ရှီကျင့်ဖျင်၏ တရုတ်အုပ်ချုပ်ရေးအတွေးအမြင်》စာအုပ်ဖြစ်သည်။ “ဒီစာအုပ်က အခု ရောင်းအကောင်းဆုံးစာအုပ် ဖြစ်တယ်။ နယ်ပယ်အသီးသီးရဲ့ပညာရှင်တွေက《ရှီကျင့်ဖျင်၏ တရုတ် အုပ်ချုပ်ရေးအတွေးအမြင်》ဒုတိယတွဲကို ထုတ်ဝေနိုင်ဖို့ တော်တော်မျှော်လင့်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း နောက်တစ်ကြိမ် စာအုပ်ရောင်းကောင်းမယ့်အချိန်အတွက် ကြိုတင်စီစဉ်ပြီးပါပြီ”ဟု ကျင်းယမ်ကန်းက မိတ်ဆက်ခဲ့သည်။ ထို့ပြင် တရုတ်စာသင်ကြားရေးစာအုပ်၊ ကလေးစာအုပ်နှင့် ယူနန် အကြောင်းဆိုင်ရာစာအုပ်များကိုလည်း ကမ္ဘောဒီးယားတွင် လူကြိုက်များသည်ဟု သူ၏ မိတ်ဆက်ခြင်းမှ သိရသည်။

ကူမင်းရှင်းကြီးကုမ္ပဏီအုပ်စု၏ ဝန်ထမ်းဟောင်း၊ ဖနွမ်ပင်တရုတ်စာကြည့်တိုက်၏ မန်နေဂျာ အနေဖြင့် ယူနန်သားကျင်းယမ်ကန်းသည် သူ့၏ဆန္ဒကိုပြောသည်။ “တရုတ်ယဉ်ကျေးမှုစင်တာကို အမှီပြုပြီး တရုတ်ယူနန်နဲ့ ကမ္ဘောဒီးယားအကြား ယဉ်ကျေးမှုနဲ့ ခရီးသွာလာရေးပူးပေါင်းဆောင်ရွက် မှုအပေါ် တွန်းအားပေးမယ်။ နောက်တစ်ခုက တရုတ်နိုင်ငံရဲ့ ကောင်းမွန်တဲ့ ပုံနှိပ်ထုတ်ဝေရေးပညာကို ကမ္ဘောဒီးယားကို မိတ်ဆက်ပေးပြီး ကမ္ဘောဒီးယားရဲ့ ပုံနှိပ်ထုတ်ဝေရေးအတွက် အကျိုးဆောင်ပေးချင် တယ်”ဟု သူက ပြောကြားခဲ့သည်။