“‘ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များကုသပေးသည့်လှုပ်ရှားမှု”မှ ကလေး(၁၀)ဦး ကူမင်းမြို့သို့ ရောက်ရှိလာ

2018-10-11 18:20:04 |သတင်းအရင်းအမြစ် 云桥网

“‘ရပ်ဝန်းတစ်ခုနှင့်လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါ ဝေဒနာရှင်ကလေးငယ်များကုသပေးသည့်လှုပ်ရှားမှု” အစီအစဉ်၏ ဒုတိယအသုတ်အနေဖြင့် အခမဲ့စရိတ်ငြိမ်းကုသပေးမည့် မြန်မာကလေးငယ်(၁၀)ဦးတို့သည် အောက်တိုဘာလ(၁၀)ရက်နေ့က ကူမင်းမြို့သို့ ဆိုက်ရောက်ခဲ့ကြပါသည်။ ဤလှုပ်ရှားမှုကို တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ်ကုသိုလ်ဖြစ်အဖွဲ့ချုပ်နှင့် ယူနန်ပြည်နယ် ဖူဝိုက်နှလုံးသွေးကြောခွဲစိတ်ကုသဆေးရုံ (အောက်တွင် ယူနန်ဖူဝိုက်ဆေးရုံ) တို့ပူးတွဲဆောင်ရွက်ခြင်းဖြစ်သည်။ ဤအကြိမ်မှာ တရုတ်နိုင်ငံတွင် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယူနန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပါသည်။

ကူမင်းချန်ရွှေလေဆိပ်တွင် ၀န်ထမ်းများသည် ရောဂါဝေဒနာရှင်မြန်မာကလေးငယ်နှင့် သူတို့၏မိဘများအတွက် လတ်ဆတ်သောပန်းမန်နှင့် အနွေးထည်များဖြင့် ခရီးဦးကြို ပြုကြပါသည်။ တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်သည် ယူနန်ဖူဝိုက်ဆေးရုံနှင့်ပူးပေါင်းပြီး ယခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့က မြန်မာနိုင်ငံတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များအား စစ်ဆေးကာ ကလေးငယ်(၅၈)ဦးအနက် ရောဂါဆိုးဝါးစွာ ခံစားနေရသောကလေးငယ်(၁၅)ဦးအား ရွေးချယ်ခဲ့ကြကြောင်း၊ ၎င်းကလေးငယ်များအတွက် ကုသခြင်းစီမံချက်ကို ရေးဆွဲချမှတ်ထားပါကြောင်း၊ ကူမင်းမြို့သို့ ရောက်ရှိလာသောကလေးငယ်(၁၀)ဦးအပြင် ကျန်ရှိသောကလေးငယ်(၅)ဦးတို့သည် ပြည့်စုံသောလျှောက်ထားချက်ရရှိပြီးနောက် ကူမင်းသို့ လာရောက်ကုသမည်ဖြစ်ကြောင်း ယူနန်ဖူဝိုက်ဆေးရုံမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားပါသည်။

ယခုအကြိမ် ကူမင်းသို့ လာရောက်သည့် ရောဂါဝေဒနာရှင်မြန်မာကလေးငယ်များအနက် အသက်အကြီးဆုံးကလေးမှာ (၁၁)နှစ်ရှိပြီး အငယ်ဆုံးကမူ (၂)နှစ်အရွယ်သာရှိပါသေးသည်။ တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ် ယူနန်ဝန်ဆောင်မှုအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူက မိတ်ဆက်ပြောပြသည်မှာ မြန်မာကလေးငယ်နှင့် သူတို့၏မိဘများအား ဆရာဝန်များနှင့် အဆင်ပြေအောင် ဆက်သွယ်နိုင်ရန်အတွက် စကားပြန်ကို အထူးခန့်အပ်ထားကာ (၂၄)နာရီအချိန်ပြည့်တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။ အသက်(၈)နှစ်ရှိ ကလေးငယ် ဘုန်းပြည့်လင်းသည် မျက်စိပေကလပ်ပေကလပ်လုပ်ကာ ထူးဆန်းစွာဖြင့် စူးစမ်းနေသည်။ ကျွန်မကလေးသည် ကျောင်းတက်သော်လည်း မွေးရာပါနှလုံးရောဂါစွဲကပ်နေသည့်အတွက်ကြောင့် စာကောင်းကောင်းမသင်နိုင်ကြောင်း သူ့အမေက သတင်းထောက်အား ပြောပြသည်။ “တရုတ်ဆေးဆရာဝန်က ကလေးကို မြန်မြန်ကုသပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ကလေးကလည်း စာကောင်းကောင်း သင်ယူနိုင်လိမ့်မယ်။”ဟု သူက ကလေး၏ဦးခေါင်းကို ညင်သာယုယစွာ ပွတ်သပ်လိုက်ကာ ပျော်ရွှင်စွာ ပြောပြပါသည်။

ထိုနေ့တွင် တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ်ကုသိုလ်ဖြစ်အဖွဲ့ချုပ်နှင့် ယူနန်ဖူဝိုက်ဆေးရုံတို့သည် မိမိ၏ အားသာချက်များကို အသီးသီး အသုံးပြုကာ ယူနန်ပြည်နယ်တွင် မွေးရာပါနှလုံးရောဂါဆိုးဝါးစွာ စွဲကပ်နေသော ကလေးငယ်များအား အခမဲ့စရိတ်ငြိမ်းကုသပေးမှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အနေဖြင့် ကလေးငယ်အယောက်(၁၀၀)အား ကုသပေးမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသောအိမ်ထောင်စုအတွက် မျှော်လင့်ချက်များစွာ သယ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ယူနန်ဖူဝိုက်ဆေးရုံသည် တရုတ်ကလေးငယ်(၉)သိန်း(၂)သောင်းကျော်ကို စစ်ဆေးခဲ့ပြီး စစ်ဆေးသည့်ဒေသမှာ ယူနန်ပြည်နယ်ရှိပြည်နယ်ခွဲနှင့်မြို့(၉)ခုနှင့် ကွမ်ရှီးနှင့်ကွေ့ကျိုးစသည့်ဒေသဖြစ်ကြောင်း၊ အနာဂတ်တွင် ဘေးပတ်ဝန်းကျင်နိုင်ငံများနှင့် ဆေးကုသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006