ယူနန်မှာ စားတယ် ဆိုတာကို“စွမ်(甩)”လို့ ခေါ်ပါတယ်။ လှုပ်ရှားသက်ဝင်လှပါတယ်။ လူဦးရေ(၇)သန်းရှိတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်းမှာ မြီးရှည်ကို ပွဲပေါင်းသိန်း(၂၀)နေ့စဉ်နေ့တိုင်းစားနေကြတာဟာ တန်ချိန်(၆)ရာလောက် ရှိတယ်။
စားကောင်းသောက်ဖွယ်တွေ ရှာဖွေစားသောက်တာကလူ့သဘာဝပါ။ ပြုတ်တာ၊ ကင်တာ၊ သုပ်စားတာ၊ ငံပြာရည်နဲ့ချက်တာ၊ ကြော်တာစတဲ့ချက်နည်းတွေနဲ့ဝက်သားအကျက်ကြော်၊ ၀က်သားငံပြာရည်ဆီချက်၊ ချိုဆိမ့်တဲ့အသား၊ ၀က်အူနဲ့ဝက်သွေး၊ ၀က်ခေါက်၊ ငါးရှဥ့်၊ အမဲသား၊ တိုဖူးနို့ခဲစတာတွေနဲ့ မြီးရှည်တစ်ပွဲကို ယူနန်ဒေသခံတွေချက်ပြုတ်တာဟာ ဒီလူ့သဘာဝသဘောထားကိုအပြည့်အ၀ပေါ်လွင်စေပါတယ်။
ယူနန်မြီးရှည်ကိုဒေသထွက် ဆန်လုံးရှည်စပါးနဲ့ ပြုလုပ်တဲ့အတွက် ပြင်းပြတဲ့အပူရှိန်နဲ့ ချက်ပြုတ်ပြီးတဲ့အခါစားလို့ အိဆိမ့်နေတယ်။
လွန်ခဲ့တဲ့နှစ်တစ်ရာကျော်တုန်းက ယူနန်ပြည်နယ် ယွီရှီနယ်သားကျန့်ယုံအန်ဟာ မြေအိုးမြီးရှည်ကို ကူမင်းမြို့သို့ သယ်ဆောင်လာပြီး ကူမင်းဒေသခံရဲ့ အရသာအာရုံကို ပြောင်းလဲစေခဲ့တယ်။ အဝေးက ပြန်ရောက်လာတဲ့ ကူမင်းဒေသခံများစွာဟာ မြီးရှည်ဆိုင်မှာ မြေအိုးမြီးရှည်တစ်ပွဲကို အရင်ဆုံး ပြေးစားချင်မိကြပါတယ်။ အဲဒီလိုစားလိုက်ရမှသာ ဇာတိနယ်မြေကို တကယ့်ပြန်ရောက်တယ်လို့ ခံစားရလို့ပါ။ မြေအိုးမြီးရှည်ဟာ ကူမင်းဒေသခံရဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးဖြစ်သလိုဇာတိရဲ့ အလွမ်းပြေအရသာလည်းဖြစ်ပါတယ်။
မြေအိုးမြီးရှည်တစ်ပွဲကို ချက်စားဖို့ လေးငါးမိနစ်ပဲလိုပါတယ်။ ဒါပေမယ့် ချက်ပြုတ်တဲ့စားစရာတွေကိုအသေးစိတ် ရွေးရမယ်။
ဟင်းရည်ကို (၈)နာရီ ရေလုံပြုတ်ရမယ်။ ၀က်ရိုးရဲ့ အမွှေးရနံ့၊ ကြက်သားရဲ့ ချိုဆိမ့်တဲ့ အရသာနဲ့ ရွှန်ေ၀၀က်ပေါင်ခြောက်ရဲ့သင်းရနံ့ကို ထုတ်ယူဖို့ဖြစ်ပါတယ်။ အဆီပါတဲ့ဝက်သားနဲ့ အဆီမပါတဲ့ဝက်သား နုပ်နုပ်စဉ်းထားရမယ်။ ချက်ချင်းလှီးပြီးမှ ချက်ချင်းစားရမယ်။ ဒါမှသာ ချိုဆိမ့်တဲ့အသားရဲ့ သင်းရနံ့ကို အတတ်နိုင်ဆုံး ကျန်ရစ်စေတာပဲဖြစ်တယ်။ ချဉ်ဖတ်အတွက်တော့ ဒေသမှာ အထူးထွက်တဲ့ ကျေးရွာသဘာဝမြေသြဇာကို အသုံးပြုတဲ့ မုန်ညင်းခါးကို ရွေးချယ်ပြီး ပြုတ်ရမယ်။
အခုခေတ်လူသားတွေဟာ အလုပ်တွင်ကျယ်မှုအပေါ် အထူးဂရုစိုက်တယ်။ လျင်မြန်စွာ ချက်ပြုတ်စားနိုင်တာဟာ စားသုံးသူတွေရဲ့ အထူးလိုအပ်ချက်ဖြစ်လာတယ်။
အရသာကောင်းတဲ့ အိုးကြီးမြီးရှည်တစ်ပွဲကို ချက်ဖို့ (၂)မိနစ်ပဲလိုပါတယ်။ မြီးရှည်ကို ရေနွေးနဲ့ အပူပေးပြုတ်ပြီး ဆယ်ယူတယ်။ သင်းရနံ့ကြွယ်တဲ့ဟင်းရည်မှာ ထည့်ပြီးနောက် အသားတစ်ဇွန်းကို မြီးရှည်ပေါ်ကို ခပ်ထည့်စားရတာ ခံတွင်းတွေ့စေပါတယ်။ ဂျူး၊ ပူစီနာ၊ ချဉ်ဖတ်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်ဆီစတဲ့အမွှေးအကြိုင်တွေကိုစားသုံးသူရဲ့ နှစ်သက်မှုပေါ် မူတည်ပြီး ထည့်နိုင်ပါတယ်။
ယူနန်ဒေသခံတွေက ပုံပြီး အုပ်ထည့်ထားတဲ့ ဟင်းကို “ဦးထုပ်(帽子)”လို့ ခေါ်ပါတယ်။ ဒါကြောင့်မို့ အိုးကြီးမြီးရှည်ကို “ဦးထုပ်မြီးရှည်(戴帽米线)”လို့ ခေါ်ပါတယ်။
အမွှေးအကြိုင်တွေနဲ့ နူးအောင်ချက်ထားတဲ့ကြက်သား၊ ၀က်ခြေထောက်နဲ့ ၀က်အူ၊ ကြာညို့စသဖြင့် ဆီပြန်ချက်ထားတဲ့ အမဲသား၊ ငါးရှဥ့်၊ ၀က်ခေါက်စတာတွေဟာ သင်းရနံ့ကြွယ်တယ်။ မွှေးလည်းမွှေးတယ်။ အရသာလည်း ကောင်းပါတယ်။ မြီးရှည်ပေါ်က ပုံအုပ်ပြီး ထည့်ထားတဲ့ အသားဟင်းကို ကြော်ဖို့ မီးအရှိန်ဟာ အရေးကြီးလှပါတယ်။ မီးအရှိန်မပူရင် တောင်ကျူငံပြာရည်နဲ့ အသားရဲ့အရည်အရသာ အပြည့်အ၀ ထုတ်မပေးနိုင်ဘူး။ မီးအရှိန် သိပ်ပူရင်လည်း တူးသွားနိုင်တယ်။
အမဲသားဟာ အသားဓာတ် များပြားတယ်။ အဆီနည်းတယ်။ အရသာ ချိုဆိမ့်တယ်။ ကမ္ဘာ့ပြည်သူက ကြိုက်တဲ့အသားမျိုးဖြစ်တယ်။
အမဲသားမြီးရှည်ဟာ ယူနန်မြီးရှည်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်။ အမဲသားချက်နည်းဟာ အဆီနဲ့ ချက်တာနဲ့ တောင်ကျူငံပြာရည်နဲ့ချက်တာ နှစ်မျိုးခွဲခြားတယ်။ တောင်ကျူငံပြာရည်အမဲသားနဲ့ချက်ဖို့အတွက် အကောင်းဆုံး တောင်ကျူငံပြာရည် လိုပါတယ်။ ကျောက်ထုံတောင်ကျူငံပြာရည်၊ ထန်ချီကျန်ရင်လောင်တောင်ကျူငံပြာရည်၊ စန်ကျာတောင်ကျူငံပြာရည်နဲ့ အမဲသားကို အတူထည့်ပြီး ချက်ပြုတ်ရမယ်။ သုံးတဲ့အမွှေးအကြိုင်နဲ့မီးအရှိန်ဟာ အနေတော်ဖြစ်ရမယ်။
နောက်ဆုံးမှာ ငရုတ်ဆီတစ်ဇွန်း ထည့်ပြီး အရသာ၊ အမွှေးရနံ့နဲ့အရောင်အကုန်လုံး ထင်ရှားလာတယ်။ အရသာ(၅)မျိုးမှာ စားသုံးသူတွေကို ခံတွင်းတွေ့စေပါတယ်။
မြီးရှည်တစ်ပွဲကို ကြိုးစားပမ်းစား ချက်ပြုတ်တာဟာ ယူနန်ဒေသခံတို့ နေထိုင်မှုဘ၀ဥာဏ်ပညာတစ်မျိုးဖြစ်တယ်။ မြီးရှည်ကို လာစားပါလို့ ယူနန်ဒေသခံတစ်ယောက် ပြောမိရင် မတုံ့ဆိုင်းတော့ဘူး။ သူတို့စိတ်ရင်းနဲ့ ကျွေးစားချင်တဲ့စိတ်ကြောင့်ပါ။