ရီလူမျိုးသည် ယူနန်ပြည်နယ် ချူရှုန်ရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ယူနန်ပြည်နယ် ဟွန်ဟယ်ဟားနှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ စိချွမ်းပြည်နယ် လျန်စန်းရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကွေ့ကျူးလျို့ဖန်ရှူမြို့နယ် စသည့်နေရာဒေသတွင် နေထိုင်လျက် ရှိပါသည်။ စိချွမ်းပြည်နယ် လျန်စန်းရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် တရုတ်နိုင်ငံတော်အတွင်းတွင် ရီလူမျိုး အများဆုံးနေထိုင်လျက်ရှိသော နေရာဒေသဖြစ်ပါသည်။
ရီလူမျိုးသည် ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုနှင့် လက်ဆင့်ကမ်းရိုးရာမျိုးဆက် ရှိပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှုလည်း ရှိပါသည်။ ဥပမာအားဖြင့် ကဗျာ၊ ဥဒါန်း၊ ဒဏ္ဍရီ၊ ကလေးပုံပြင် စသည်တို့ ရှိပါသည်။ ရီလူမျိုးဆိုင်ရာ အဓိကအစားအစာသည် အာလူး၊ ပြောင်းဖူး၊ ဆန် တို့ဖြစ်ပါသည်။ ရီလူမျိုးအိမ်သို့ အလည်အပတ်ရောက်ရှိပါက ၎င်းတို့သည် ရိုးရာအစားအစာများအပြင် အရက်ဖြူများဖြင့် ဧည့်ခံပါသည်။ အရက်မသောက်မီ ရီလူမျိုးများသည် အရက်ကို ပျော်ရွှင်စိတ်ချမ်းသာစွာ သောက်ကောင်းစေရန် သီချင်းဆိုပြ၍ ရီလူမျိုး၏ ဖော်ရွေမှုနှင့် စိတ်အားထက်သန်မှုကို ဖော်ပြပါသည်။
ထို့အပြင် ရီလူမျိုးဆိုင်ရာနှစ်သစ်ကူးပွဲတော်သည် ရီလူမျိုးအတွက် အခန့်ညားဆုံး အထည်ဝါဆုံး ဖြစ်သော ရိုးရာပွဲတော် ဖြစ်ပါသည်။ ပွဲတော်ကာလ ၃ ရက်ကြာ ကျင်းပသည်။“ခုစ်”ဟု ရီ ဘာသာစကားဖြင့် ခေါ်ဝေါ်သည်။ မီးပုံပွဲတော်သည် ရီလူမျိုးဆိုင်ရာ ရိုးရာပွဲတော်ဖြစ်ကာ နှစ်စဉ်နှစ်တိုင်း တရုတ်သက္ကရာဇ် ၆ လပိုင်း ၂၄ ရက်နေ့မှစပြီး ၃ ရက်ကြာ ကျင်းပသည်။ အဆိုပါအချိန်ကာလတွင် ရီလူမျိုးများသည် ၀တ်ကောင်းစားလှ ၀တ်ဆင်ပြီး မီးပုံကြီးကို ၀ိုင်းပတ်ကာ ဆိုရင်းကရင်း ရွှင်လန်းဝမ်းသာကြပါသည်။ သက်ဆိုင်ရာ ပျော်စရာကောင်းသော လှုပ်ရှားမှုများစွာဖြင့် အင်မတန် စည်ကားလှသည်။
လူကြီးမင်းသည် ယူနန်ပြည်နယ်ရောက်ရှိပါက ယူနန်ပြည်နယ် ချူရှုန်ရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ရီလူမျိုးဆိုင်ရာရှေးပောာင်းမြို့သို့ သွားရောက်လည်ပတ်၍ ရီလူမျိုးတို့၏ နွေးထွေးဖော်ရွေသော ဧည့်ခံမှုကို ခံစားကြနိုင်ရန် တိုက်တွန်းအပ်ပါသည်။