ယူနန်ပြည်နယ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးနေရာသည် မေလီဆီးနှင်းတောင်ရှိ ခါဝါကယ်ဘော်တောင် ဖြစ်ပြီး ၆၇၄၀ မီတာမြင့်သည်။
ခါဝါကယ်ဘော်တောင်သည် ယူနန်ပြည်နယ် တီချင့်တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တခင်ခရိုင်တွင် တည်ရှိပါသည်။ ကမ္ဘာပေါ်ရှိ နာမည်ကျော်ကြားသော “မြစ် ၃ မြစ် မြစ်ဆုံ” ဒေသအတွင်းတွင် တည်ရှိပြီး ယူနန်ပြည်နယ်ဆိုင်ရာ သတ္တ၀ါနှင့် ရုက္ခ အမျိုးအစား အကြွယ်ဝဆုံးနေရာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အများလက်ခံသော၊ အလှပဆုံးဖြစ်သော ဆီးနှင်းတောင် တစ်ခုလည်း ဖြစ်ပါသည်။ “ဆီးနှင်းနတ်တောင်တော်” ဟုလည်းခေါ်သည်။
ခါဝါကယ်ဘော်တောင်သို့ လည်ပတ်ရန် အသင့်တော်ဆုံးအချိန်ကာလသည် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလမှ လာမည့်နှစ် မေလအထိ ဖြစ်သည်။ ဤကာလတွင် နေရာအနှံ့အပြား၌ ကြည်လင်သောမိုးကောင်းကင်ဖြင့် နေသာမိုးသာရှိ၍ ခါဝါကယ်ဘော်တောင်ရှိ ရှုခင်းများကို ကောင်းစွာရှုစားနိုင်ပြီး ခါဝါကယ်ဘော်တောင်ကို မည်သည့်အတားအဆီးမျှ လွှမ်းခြုံခံနေရသည် သိပ်မရှိပေ။ သို့သော် ဇွန်လ၊ ဇူလိုင်လ မိုးရာသီ ကျရောက်ချိန်တွင် ဆီးနှင်းတောင်ကို တိမ်၊ မြူခိုးများ အမြဲတမ်းလွှမ်းမိုးထားသဖြင့် ဆန်းကျယ်အံ့ဖွယ် ကောင်းလှသည်။ ကံကောင်းမှသာ ခါဝါကယ်ဘော်တောင်ကို မြင်နိုင်သည်။
ခါဝါကယ်ဘော်တောင်ကို တောင်တစ်ခုလုံး ဓာတ်ပုံရိုက်ကူးချင်ပါက တခင်ဖေးလိုင်ကျောင်းရှိ မျှော်စင်နှင့် ဧည့်သည်ကြိုစင်သည် အကောင်းဆုံးနေရာ ဖြစ်သည်။
ယခုအချိန်ထိ ခါဝါကယ်ဘော်တောင်ထိပ်သို့ ရောက်ရှိသူ မရှိပေ။ ဒေသခံအတွက် မွန်မြတ်အရေးပါသော အဓိပ္ပာယ်ရှိသည့် နေရာဖြစ်သောကြောင့် ၂၀၀၀ ခုနှစ်မှစ၍ ခါဝါကယ်ဘော်တောင် တက်ရောက်ခြင်းကို ပိတ်ပင်ထားပါသည်။