ဟောပေါ့ အကုန်လုံး စားလိုက်ပြီလား။ ပင်လယ်ရေမျက်နှာပြင်အထက် (၃၃၈၀)မီတာရှိဒေသက ဟောပေါ့ စားဖူးလား။

2019-06-28 18:53:17 |သတင်းအရင်းအမြစ် 云桥网

ချောင်းဟန့်သံနှင့်အတူ မီးဖိုဆောင်က အဝါရောင်မီးရောင်တွင် အပြာရောင်တိဗက်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် မိမိအိမ်က ပြုလုပ်သော ဆားသိပ်ဝက်နံရိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ လှီးနေသည်။ ပန်းရောင်တိဗက်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးနောက်တစ်ဦးသည် ရဲရဲနီနေသော ကျောက်မီးသွေးကို ကြေးအိုး အောက်ပိုင်းသို့ ထည့်နေပါသည်။ အဆင်သင့်ပြင်ဆင်ထားသော ဆားသိပ်ဝက်နံရိုးနှင့် ဖြူဖွေးသောဟင်းရည် စသည်များကို ကြေးအိုးတွင် ထည့်ထားပါသည်။ တီချင့် တိဗက်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တယ်ချင့်ခရိုင်ရှိ ခါဝါကဲ့ပေါ စားသောက်ဆိုင်၏ မီးဖိုဆောင်တွင် စားဖိုမှူးနှစ်ဦးတို့သည် ဒေသထူးခြားသော တိဗက် အစားအစာ ဖြစ်သည့် ကြေးအိုးဟောပေါ့ကို ချက်ပြုတ်နေကြသည်။

ကြေးအိုးဟောပေါ့မှာ တယ်ချင့်ခရိုင်တွင် ထူးခြားသော ရိုးရာအစားအစာ ဖြစ်သည်သာမက ဤနေရာတွင် နေထိုင်သော တိဗက်တိုင်းရင်းသားမိသားစုအတွက် တမူထူးခြားသော နွေးထွေးသည့်ချစ်ခြင်းမေတ္တာများလည်း ပါရှိသည်။ နှစ်သစ်ကူးနွေဦးပွဲတော်၊ ချင်မင်ပွဲတော် စသည့် နေ့ထူးနေ့မြတ်များတွင် မိသားစုတို့ သိုက်သိုက်ဝန်းဝန်း ဆုံဆည်းကြရာတွင် စားပွဲပေါ်တွင် မရှိမဖြစ် ပါရှိသည်မှာ ပူနွေးနွေး ကြေးအိုးဟောပေါ့ ဖြစ်ပါသည်။ ကြေးအိုးဟောပေါ့မှာ တယ်ချင့်နယ်သူနယ်သားများ၏ ဆုံဆည်ခြင်းနှင့် ပျော်ရွှင်ခြင်းကို သက်သေထူနေပါသည်။

ခါဝါကဲ့ပေါစားသောက်ဆိုင်သည် ဝမ်ဖန်နှင့် အစ်ကိုဇနီးမောင်နှံတို့ အတူဖွင့်လှစ်ထားသော တိဗက်အစားအစာ စားသောက်ဆိုင်ဖြစ်သည်။ ဤတိဗက်စတိုင်လ်စားသောက်ဆိုင်ဖြင့် ဖခင်၏ စားဖိုအတတ်ပညာကို ဆက်ခံနိုင်ရန် လည်းကောင်း၊ ခရီးသည်များအား စစ်မှန်သော တိဗက်အစားအစာကို စားသောက်နိုင်စေရန်လည်းကောင်း သူတို့ မိသားစုက မျှော်လင့်ထားပါသည်။ ဤစားသောက်ဆိုင်၏ ကြေးအိုးဟောပေါ့မှာ အိုးကြီးနှင့် အိုးသေး နှစ်မျိုးရှိပါသည်။ အိုးသေးဆိုလျှင် လူ(၂)ယောက်မှ(၃)ယောက် စားရန် သင့်တော်ပါသည်။ အိုးကြီးကတော့ လူ(၅)ယောက်မှ(၆)ယောက် စားရန်အတွက်ဖြစ်ပါသည်။ ကြေးအိုးဟောပေါ့၏ အရသာကို ကောင်းမွန်အောင် ထိန်းသိမ်းရန် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ဒုတိယဆယ်ရက်ပတ်တွင် ဝမ်ဖန်နှင့် သူမ၏ယောက်မတို့အတူ တစ်နှစ်တာ လိုအပ်သော ဆားသိပ်ဝက်နံရိုးကို ပြုလုပ်ကြရသည်။

စောင့်ဆိုင်းချိန်တွင် သူမ၏ယောက်မသည် မီးဖိုခန်းကို သန့်ရှင်းရင်းနှင့် တိဗက်သီချင်းကို သီဆိုနေပါသည်။ ဟင်းခတ်အမွှေးအကြိုင် ပြုလုပ်နေသော ဝမ်ဖန်သည်လည်း ညည်းညူလာပါသည်။ ဆိုင်ဖွင့်တာ (၆)နှစ်ကာလအတွင်း ဝမ်ဖန်နှင့် သူမ၏ယောက်မတို့ ဤကဲ့သို့ အကြိမ်ပေါင်းများစွာ စိတ်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါသည်။ မီးဖိုခန်းတွင် သူတို့ ပျော်ရွှင်မှုကို ခံစားနိုင်သကဲ့သို့ပင် ပျော်ရွှင်မှုများကိုလည်း စားသုံးသူအား စားကောင်းသောက်ဖွယ် များဖြင့် မျှဝေ ဆောင်ကြဉ်းပေးနေသည်။

ကြေးအိုးအောက်ပိုင်းတွင် မီးမွှေးထားသော ကျောက်မီးသွေးမှာ မီးတောက်လာပါသည်။ ယခုနှစ် ဇူလိုင်လတွင် ရှန်ဂရီလာမြို့သို့ ဆိုင်ခွဲဖွင့်တော့မည်ဖြစ်ကြောင်း၊ တိဗက်စတိုင်လ်စားသောက်ဆိုင် ဖွင့်လှစ်သကဲ့သို့ တိဗက်အစားအစာ ၀န်ဆောင်ပေးမည်ဖြစ်ကြောင်း ဝမ်ဖန်သည် ပြုံးရင်းနှင့် ပြောဆိုလေသည်။ “ဆိုင်ဖွင့်တာဆိုတော့ စားသုံးသူတွေကို တိဗက်အစားအစာ ကောင်းကောင်း စားစေချင်တယ်။ ဖေဖေရဲ့လက်ရာကို ဆက်ခံသွားမယ်။ ”ဟု ဝမ်ဖန်က ဆက်လက်ပြောပြသည်။

“ဟောပေါ့စားလို့ ရပြီ။ ထမင်းလာစားပါ။” မိသားစုသည် ကြေးအိုးဟောပေါ့ကို ဝိုင်းဝန်းစားကြသည်။ “စားလို့ကောင်းလိုက်တာ။ ဒါက မေမေရဲ့ လက်ရာပဲ။”ဟု ဝမ်ဖန်၏သမီးလေးက စားရင်းနှင့် ပြောဆိုလေသည်။

သတင်းထောက်-- Li Wenjun၊ Yao Chengcheng

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006