တရုတ်နှစ်သစ်ကူးအကြိုနေ့ညထမင်းလက်ဆုံစားပွဲ--ချမ်းသာသုခနှင့်ပြည့်စုံသော နှစ်သစ်ကူးအရသာ

2019-02-02 16:26:08 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ်နှစ်သစ်ကူးပွဲတော်ရောက်တိုင်း တရုတ်နိုင်ငံတ၀ှမ်းတွင် သန်းပေါင်းရာနှင့်ချီသောပြည်သူများ “ခရီးထွက်ပွဲတော်”ကဲ့သို့ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်ရလေ့ရှိပါသည်။ မွေးရပ်မြေကို ခွဲခွာ၍ အခြားဒေသသို့ ရောက်ရှိနေသော တရုတ်လူမျိုးသည် အိမ်ပြန်၍ မိသားစုနှင့်အတူ နှစ်သစ်ကူးအကြိုနေ့ည ထမင်းလက်ဆုံစားရန်အတွက် ပို့ဆောင်ရေးနည်းလမ်းအမျိုးမျိုးဖြင့် နှစ်ရက်သုံးရက်အချိန်ယူပြီး အိမ်ကို အမှီပြန်လေ့ရှိကြသည်။

တရုတ်နှစ်သစ်ကူးပွဲတော်အကြိုနေ့ည ထမင်းလက်ဆုံစားပွဲသည် တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးစားပွဲတစ်ခုဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်ကာလ၏ အဓိကအကြောင်းအရာလည်းဖြစ်ပါသည်။ ၎င်းသည် အနောက်တိုင်း၏ ခရစ္စမတ်အကြိုနေ့ည မိသားစုထမင်းစားပွဲနှင့် အသွင်တူပြီး တရုတ်လူမျိုးသန်းပေါင်း(၁၄၀၀)၏ တစ်နှစ်ပတ်လုံးအတွင်း အရေးကြီးဆုံးပွဲတစ်ခုဖြစ်ရာ တရုတ်လူမျိုးများ၏ မိသားစုအပေါ် ထားရှိသောသံယောဇဉ်မေတ္တာနက်ရှိုင်းပုံကို ဖော်ကျူးနေပါသည်။

တရုတ်နှစ်သစ်ကူးပွဲတော်အကြိုနေ့ညထမင်းလက်ဆုံစားပွဲ ဖြစ်ပေါ်လာပုံမှာ တရုတ်နိုင်ငံရှေးခေတ်ကတည်းက စတင်ကြောင်း သိရပါသည်။ ဒဏ္ဍာရီအဆိုအရ ရှေးယခင်တုန်းက “နရန်” ဟူသော ထူးဆန်းသော သတ္တ၀ါတစ်ကောင်ရှိကြောင်း၊ “နရန်”ထွက်လာသောနေ့တွင် လူကြီးလူငယ် တစ်မိသားစုလုံးသည် အတူစုစည်းကြပြီး ဘိုးဘေးဘီဘင်များအား မိမိတို့ကို မစပေးရန် ဆုတောင်းရင်း ဗြောက်အိုးဖောက်၍ “နရန်”ကို မောင်းထုတ်ခဲ့ကြောင်း၊ ထို့နောက် တံခါး၊ ပြတင်းပေါက်များ ပိတ်၍ နရန်ဟု အသံထွက်ပြီး နှစ်သစ်ကူးပွဲတော်ဟု အဓိပ္ပာယ်သက်ရောက်သော နှစ်သစ်ကူးအကြိုနေ့ည ထမင်းလက်ဆုံစားပွဲ ကျင်းပလေ့ရှိကြောင်း၊ ယင်းကို “နရန်ပွဲတော်”ဟု ခေါ်ကြောင်း၊ ထိုသို့ဖြင့် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ဆင်နွှဲသောအစဉ်အလာ ဖြစ်ပေါ်လာခဲ့ကြောင်း သိရပါသည်။ ခေတ်အဆက်ဆက်တိုးတက်လာသည်နှင့်အမျှ တရုတ်လူမျိုးများသည် ထူးဆန်းသော သတ္တ၀ါ“နရန်”၏ ဒဏ္ဍာရီပုံပြင်ကို မယုံကြည်ကြတော့ပါ။ သို့သော် တရုတ်နှစ်သစ်ကူးပွဲတော်အကြိုနေ့ည မိသားစုထမင်းလက်ဆုံစားပွဲ ကျင်းပသည့်အစဉ်အလာကိုတော့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်ခံလာခဲ့ပါသည်။

တရုတ်နှစ်သစ်ကူးပွဲတော် အကြိုနေ့ညထမင်းလက်ဆုံစားပွဲသည် တစ်နှစ်ပတ်လုံးအတွင်း အောင်မြင်မှုကို စစ်ဆေးသည်နှင့် တူပါသည်။ ထို့ကြောင့် စားကောင်းသောက်ဖွယ်အများအပြားဖြင့် စည်ကားအောင် စီစဉ်ရပါသည်။ တရုတ်နိုင်ငံ၏ဧရိယာ ကျယ်ဝန်းပြီး နေရာဒေသအသီးသီး၏ စားသောက်သည့်ဓလေ့ မတူညီကြသောကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်အကြိုနေ့ညစားပွဲတွင် ဟင်းပွဲများ ရွေးချယ်ရာတွင် ဒေသ တစ်ခုနှင့်တစ်ခု မတူညီကြပေ။ သို့သော် မင်္ဂလာနိမိတ်ကို အလေးထားကြပြီး လူအများ၏ နှစ်သစ်တစ်နှစ်အပေါ် ထားရှိသော ကောင်းမွန်သော မျှော်လင့်ချက်များကိုတော့ အပြည့်အ၀ ဖော်ပြလေ့ရှိကြပါသည်။ ဖက်ထုပ်သည် မြောက်ပိုင်းဒေသ နှစ်သစ်ကူးပွဲတော်အကြိုနေ့ညစားပွဲ၏ အဓိကစားသောက်ဖွယ်ရာ ဖြစ်ပါသည်။ ဖက်ထုပ်၏ ပုံစံသည် ယွမ်ပေါင်ဟု ခေါ်သော ရတနာတုံးနှင့်တူသည့်အတွက် ဖက်ထုပ်ထုပ်ခြင်းသည် အစစအရာရာအဆင်ပြေသော မင်္ဂလာနိမိတ်ဖြစ်ပါသည်။ ဖက်ထုပ်စားခြင်းသည် ဘ၀ချမ်းမြေ့သာယာခြင်းကို ကိုယ်စားပြုပါသည်။ အချို့က ဖက်ထုပ်ထဲတွင် အကြွေစေ့ထည့်၍ ပြုလုပ်တတ်သည်။ အကြွေစေ့ပါသော ဖက်ထုပ်ကို စားမိပါက လာမည့်နှစ်တွင် ကြီးပွားချမ်းသာမည်ဟူသော အတိတ်နိမိတ် ဆောင်ပါသည်။ တောင်ပိုင်းဒေသများတွင် လူများသည် တရုတ်လို“နရန်ကောင်း”ဟု အသံထွက်သော မုန့်တစ်မျိုးကို စားလေ့စားထရှိပါသည်။ “နရန်ကောင်း”၏ အဓိပ္ပာယ်သည် စားနပ်ရိက္ခာ တစ်နှစ်ထက်တစ်နှစ် ဘ၀အဆင့်အတန်း မြင့်မားလာခြင်းကို ဖော်ပြနေပါသည်။ တရုတ်လိုအသံထွက်တွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည်ဟု အဓိပ္ပာယ်သက်ရောက်သော ဟင်းပွဲအမည်များစွာ ရှိပါသေးသည်။ ငါးဟင်းစားလျှင် “နှစ်စဉ်နှစ်တိုင်း ပိုပိုလျှံလျှံရှိခြင်း”ဟူ၍ အဓိပ္ပာယ်ရပါသည်။ မုန့်လုံးရေပေါ်စားလျှင် “မိသားစုတစ်ပေါင်းတစ်စည်းတည်းရှိခြင်း”အချိုပွဲစားလျှင် အနာဂတ်ဘ၀ သာယာချိုမြိန်မှုရှိခြင်းဟု အဓိပ္ပာယ်သက်ရောက်ပြီး၊ ဟောပေါ့စားပါက လာမည့်နှစ်တွင် ကြီးပွားချမ်းသာမည်ဟု နိမိတ်ဆောင်နေပါသည်။ တစ်နှစ်တစ်ကြိမ် တရုတ်နှစ်သစ်ကူးပွဲတော် အကြိုနေ့ညထမင်းလက်ဆုံစားပွဲသည် တရုတ်လူမျိုးတို့၏ မိသားစုဝင်များအကြား အပြန်အလှန်ချစ်ခင်လေးစားခြင်းကို ထင်ဟပ်နေပြီး မိသားစုဝင်များအကြား ဆက်ဆံရေးကို ပိုမို ရင်းနှီးနက်ရှိုင်းလာစေပါသည်။ သက်ကြီးရွယ်အိုများ သားသမီးမြေးတစ်စုတို့နှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်ခြင်းသည် မည်မျှပင် ချမ်းမြေ့သာယာလှသနည်း။ လူငယ်များသည်လည်း ယခုလို အခွင့်ကြုံတုန်း မိဘများ၏ ကျွေးမွေးပြုစုပျိုးထောင်မှုအပေါ် ပြန်လည်ကျေးဇူးဆပ်နိုင်ပေမည်။