ကူမင်းကျင်းတျိန်တာအိုဘာသာဘုရားကျောင်း၏ ဘုရားပွဲသို့ ခရီးသည်(၈)သောင်းကျော် လာရောက်လည်ပတ်

2019-02-14 18:33:11 |သတင်းအရင်းအမြစ် 云南网

ဖေဖော်ဝါရီလ(၁၃)ရက်နေ့သည် တရုတ်သက္ကရာဇ် (၁)လပိုင်း (၉)ရက်နေ့ဖြစ်ပြီး ကူမင်းဒေသ အသီးသီးမှ မြို့သူမြို့သားများသည် ကျင်းတျိန်တာအိုဘာသာဘုရားကျောင်းသို့ သွားရောက်ပြီး ရိုးရာဘုရားပွဲတွင် လည်ပတ်ကြသည်။ ထိုနေ့တွင် ပန်းများရှုစားခြင်း၊ တေးသီချင်းဆိုခြင်း၊ ကံကောင်း စေရန်ဆုတောင်းခြင်း၊ ဖူးစာဆုံရန်ဆုတောင်းခြင်းကို ပြုလုပ်ကြပြီး တချိန်တည်းတွင် ရိုးရာ စားကောင်း သောက်ဖွယ်နှင့် အလှဆင်ပစ္စည်းများဖြင့် ဘုရားပွဲသည် ပိုမိုစည်ကားနေခဲ့သည်။

နံနက်(၁၀)နာရီတွင် ကျင်းတျိန်ဘုရားကျောင်းအတွင်း လူကြိတ်ကြိတ်တိုးနေခဲ့သည်။ သကြားဖြင့် ရုပ်ပုံဖော်ရေးဆွဲပြသည့်လမ်းဘေးဈေးနှင့် ရွှံ့ရုပ်တုများသည် ခရီးသည်များ၏မျက်စိကို ဖမ်းစားနေသည်။ မြီးရှည်၊ တိုဖူးကင်၊ ပဲပြား စသည့်အစားအစာများလည်း ခရီးသည်များကို သွားရည်ကျစေသည်။ တေးသီချင်းသံသည် ကျင်းတျိန်ဘုရားကျောင်းအတွင်းရှိ တရုတ်ဖယောင်းပန်းခြံတွင် ပျံ့နှံ့နေပြီး ခြင်္သေ့အက၊ ဒေသခံရိုးရာအဆိုအက စသည့်ဖျော်ဖြေမှုများကလည်း လူများကို ဆွဲဆောင်နေသည်။

တချိန်တည်းတွင် မြို့သူမြို့သားများသည် ပြည်သူ့ဓလေ့လှုပ်ရှားမှုအမျိုးမျိုးအတွင်း၌ ပါဝင်ခဲ့ပါသည်။ အဖွားအိုတစ်ဦးသည် နန်းဆောင်ရှေ့တွင်ရှိသော သစ်ပင်တစ်ပင်ပေါ်တွင် အနီရောင်ကြိုးရစ်ပတ် ချည်နှောင်ပေးခြင်းဖြင့် လူငယ်များအတွက် ဖူးစာဆုံရန်ဆုတောင်းပေးသည်။ ခေါင်းလောင်းနန်းဆောင် ရှေ့တွင် မြို့သူမြို့သားများသည် တရုတ်ရှီဟန့်မင်းဆက်ခေတ်မှ ထုတ်လုပ်ထားသည့် ဝက်နှင့်ကျားသစ် ယဉ်ကျေးမှုပစ္စည်း (ပုံစံတူ)ကို ထိခြင်းဖြင့် ကံကောင်းမှုပိုင်ဆိုင်ရန် ဆုတောင်းကြသည်။ “ဝက်ခေါင်းကိုထိရင် နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့ စမယ်၊ ဝက်တင်ပါးကိုထိရင် အစစအရာရာ အဆင်ပြေမယ်”။

တရုတ်တက္ကရာဇ် (၁)လပိုင်း (၉)ရက်နေ့၏ ကျင်းတျိန်ဘုရားပွဲသည် နှစ်ပေါင်း(၄၀၀)ကျော် သမိုင်းရှိပြီ ဖြစ်ကြောင်း၊ ကူမင်းမြို့အိမ်တိုင်းလူတိုင်းသိကျွမ်းသော နှစ်သစ်ရိုးရာအစီအစဉ် ဖြစ်ကြောင်း၊ ယခုနှစ် ဘုရားပွဲသည် ကံကောင်းမှုဆုတောင်းခြင်း၊ ဖူ(ကံကောင်းခြင်းဟူသော အဓိပ္ပါယ်ရရှိသည့် တရုတ်စာလုံး --福)ကို ဖမ်းဆုတ်ခြင်း စသည့်ရိုးရာအစီအစဉ်အပြင်၊ ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်တွေ့ ခံစားခြင်း အစီအစဉ်လည်းပါဝင်ကြောင်း၊ ဥပမာ မြို့သူမြို့သားများသည် ကူမင်းဒေသခံ ရိုးရာ ဇာတ်သဘင်၏ အလှဆင်ခြင်းကို ကိုယ်တိုင်ပါဝင်ခံစားနိုင်ကြောင်း စသဖြင့် ကျင်းတျိန်ဘုရားကျောင်း၏ စီမံခန့်ခွဲသူတစ်ဦးမှ ပြောကြားခဲ့သည်။

ညနေ(၄)နာရီခန့်အထိစာရင်းအရ ကျင်းတျိန်ဘုရားကျောင်းသို့ လာရောက်လည်ပတ်သော ခရီးသည် ဦးရေသည် (၈)သောင်း(၃)ထောင်သို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်ထက် ပိုများသည်ဟု သိရသည်။

(Yunnan Gateway)