တောတောင်ရေမြေဆက်စပ်လျက်ရှိသလို ယဉ်ကျေးမှုတွေ တူညီတဲ့ ချစ်ခင်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံကောင်းတွေအနေနဲ့ တရုတ်နိုင်ငံနဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေဟာ နိုင်ငံရေးနဲ့စီးပွားရေး ကဏ္ဍတွေမှာ ကူးလူးဆက်ဆံရေး အဆက်မပြတ် မြှင့်တင်နေတဲ့အပြင် ရုပ်ရှင်ယဉ်ကျေးမှု ကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ အဆက်မပြတ် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားတွေဟာ လန်ချန်းမြစ်-မဲခေါင်မြစ်က လက်ဆင့်ကမ်းတဲ့ပုံပြင်နဲ့ ချစ်ခြင်းမေတ္တာကို မှတ်တမ်းတင်ရိုက်ကူးပြီး လန်ချန်းမြစ်-မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံတွေရဲ့ ဆန်းတင့်ဝေဆာ လှတဲ့ လူမှုဓလေ့ထုံးစံတွေလည်း ဖော်ပြနေပါတယ်။
တရုတ် - ကမ္ဘောဒီးယားရုပ်ရှင် -- “ဘူမိနက်သန် ရောင်နီဦး”
၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၁၆)ရက်နေ့က တရုတ် - ကမ္ဘောဒီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်(၆၀)ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုတဲ့အနေနဲ့ နှစ်နိုင်ငံအကြား ရုပ်ရှင်ဇာတ်ကား ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ဖို့အတွက် ပထမဆုံး တရုတ် - ကမ္ဘောဒီးယား ပူးပေါင်းပြီး ရိုက်ကူးတဲ့ “ဘူမိနက်သန် ရောင်နီဦး” ရုပ်ရှင်ကို ပေကျင်းမြို့မှာ စတင်ရိုက်ကူးဖို့ တရားဝင်ကြေညာလိုက်တယ်။ ဒီရုပ်ရှင်ဟာ တရုတ်လူငယ်နှစ်ယောက်တို့ရဲ့ ကမ္ဘောဒီးယားနိုင်ငံက ထူးခြားတဲ့ အတွေ့အကြုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကမ္ဘောဒီးယားနိုင်ငံပြည်သူလူထုရဲ့ “ဘ၀ကို အကောင်းမြင်ခြင်း” ဆိုတဲ့ သဘောထားနဲ့ “နေ့စဉ်ဘ၀ ကောင်းမွန်စွာ နေထိုင်ခြင်း၊ စိတ်ထဲမှာ အာရုံစိုက်ပြီး ခံစားခြင်း” ဆိုတဲ့ လူ့ဘ၀အမြင်ကို လေးလေးနက်နက် လှိုက်လှိုက်လှဲလှဲ မြင်စေပါတယ်။
တရုတ် - လာအို ရုပ်ရှင် “ကျန်ပါး(Champa)ပန်းပွင့်”
၂၀၁၉ ခုနှစ် ဇန်န၀ါရီလ(၁၈)ရက်နေ့က တရုတ်နိုင်ငံတ၀န်းက ရုပ်ရှင်ရုံတွေမှာ တရုတ် - လာအို ပူးပေါင်းပြီး ရိုက်ကူးထားတဲ့ “ကျန်ပါး(Champa)ပန်းပွင့်” ရုပ်ရှင်ကို ရုံတင်ပြသပါတယ်။ ဒီရုပ်ရှင်ဟာ တရုတ် - လာအို နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်တဲ့ (၅၅)နှစ်ပြည့် အထိမ်းအမှတ်ကိုဂုဏ်ပြုပြီး ရိုက်ကူးတာဖြစ်တယ်။ မျိုးဆက်(၂)ဆက်ရဲ့ နိုင်ငံဖြတ်ကျော်အချစ်မေတ္တာဇာတ်လမ်း ၂ ခုကို အခြေခံပြီး သဘောထားကြီးမှု၊ ၀ိရိယရှိမှုနဲ့ သစ္စာစောင့်ထိန်းခြင်းနဲ့ပြည့်လျှံနေတဲ့ အချစ်ပုံပြင်ကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။ အခုခေတ် လူငယ်များရဲ့ သဘောသဘာဝနဲ့ အချစ်အတွေးအခေါ်ကို ပုံဖော်ပြီး တရုတ် - လာအို သံယောဇဉ်ချစ်ကြည်ရေးကို လေးနက်စွာ ဖော်ပြတဲ့အတွက် ပရိသတ်များအား ရင်သပ်ရှုမောဖွယ် ဖြစ်စေပြီး မျက်ရည်များပင်ကျလာစေတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆန်းသစ်တဲ့ ရိုက်ချက်များဖြင့် တမူထူးခြားတဲ့ ဗုဒ္ဓဘာသာနိုင်ငံ လာအိုရဲ့ သဘာဝအလှတရားကို တင်ဆက်ထားပါတယ်။
တရုတ် - မြန်မာ တီဗီဇာတ်လမ်းတွဲ -- “တရုတ် - မြန်မာ ဒဏ္ဍာရီထဲက ချစ်တေးကဗျာ ”
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့က တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ရိုက်ကူးတဲ့ ဓားသိုင်းတတ်ကျွမ်းသော လူစွမ်းကောင်း ဇာတ်ဆန်းတီဗီဇာတ်လမ်းတွဲ “တရုတ် - မြန်မာ ဒဏ္ဍာရီထဲက ချစ်တေးကဗျာ ”ကို CCTV-8 မှာ ပထမဆုံး တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားဟာ တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတဲ့ အကြီးစား ဇာတ်လမ်းတွဲဖြစ်တယ်။ အေဒီ ၈၀၁ ခုနှစ်က ပျူနိုင်ငံ ( မြန်မာနိုင်ငံရှေးဟောင်းနိုင်ငံ )ရဲ့ဘုရင်ဟာ ပျူမင်းသား သုနန္ဒ ဦးဆောင်တဲ့ ပျူနိုင်ငံတေးဂီတအဖွဲ့ကို စေလွှတ်ပြီး ပြည်သရေခေတ္တရာမြို့တော်မှ ထန်မင်းဆက်နန်းတော်ကို သံစုံတေးဂီတ ဖျော်ဖြေတင်ဆက်တဲ့ပုံပြင်ကို ပုံဖော်ရိုက်ကူးထားပါတယ်။ ထန်မင်းဆက်နန်းတော်၊ နန်စောပြည်၊ ပျူနိုင်ငံ စတဲ့ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တယ်။ သမိုင်းတွင်ခဲ့တဲ့ တရုတ် - မြန်မာနဲ့ တောင်ပိုင်းပိုးထည်လမ်းမကြီးပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုဖလှယ်ရေးကိုလည်း ရိုက်ကူးတင်ဆက်ထားပါတယ်။
တရုတ် - ထိုင်း ရုပ်ရှင်ကား “Let’s Go Bangkok Holiday”
တမူထူးခြားတဲ့ နိုင်ငံခြားဓလေ့ထုံးစံနဲ့ ရိုးရာတရုတ်စတိုင်လ် ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် အချစ်ဇာတ်မြူး “Let’s Go Bangkok Holiday” ကို ရိုက်ကူးထားတာဖြစ်တယ်။ ဒီရုပ်ရှင်ဇာတ်ကားကို တရုတ် - ထိုင်း နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတာဖြစ်တယ်။ လင်မယားကွာရှင်းခြင်း သဘောတူစာရွက်ဖြင့် စတင်ပြီး အမျိုးသားဇာတ်ဆောင်က ဇနီးကို အဆိုပါသဘောတူစာရွက်မှာ လက်မှတ်ရေးထိုးဖို့ တောင်းဆိုတဲ့အတွက် မိုင်ထောင်ပေါင်းမကဝေးတဲ့ခရီးကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံကို လိုက်သွားတဲ့ပုံပြင်ကို ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီခရီးစဉ်မှာ အထင်လွဲမှု၊ အခက်အခဲ၊ ပျော်စရာနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်စေမှုများကို အတူပေါင်းစပ်ကာ ပြည့်စုံပြီး ကျေနပ်စရာကောင်းတဲ့ ဇာတ်သိမ်းခန်းဖြင့် တင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ထိုင်းနိုင်ငံမှာ ရိုက်ကွင်းတွေကို အဓိကတည်ပြီး ထိုင်းနိုင်ငံရဲ့ စားကောင်းသောက်ဖွယ်တွေ၊ တမူထူးခြားတဲ့ဓလေ့ထုံးစံ၊ ဖော်ရွေပျူငှာတဲ့ ပြည်သူပြည်သားများရဲ့ပုံရိပ်တွေကို အပြည့်အ၀ ထည့်သွင်းရိုက်ကူးထားပါတယ်။ ပရိသတ်တွေ အားပေးကြည့်ရှုပြီးနောက် ထိုင်းနိုင်ငံကို တကယ် နှစ်သက်ချစ်ခင်လာနိုင်မယ်လို့ သုံးသပ်မိပါတယ်။