ရေတွေလွှမ်းခဲ့တဲ့ ရန်ကုန်မြို့ရဲ့ နေ့ရက်များ (သို့) မြန်မာ့နှစ်သစ်ကူး ရန်ကုန်မဟာအတာသင်္ကြန်ပွဲတော်

2019-04-19 18:02:21 |သတင်းအရင်းအမြစ် 云桥网

သတင်းထောက်။ ။ ဇော်ရဲအောင်

ဓါတ်ပုံ။ ။ ဇော်ရဲအောင်

"သင်္ကြန်ခါတော် .. ရေကစားကြတာ .. ပျော်ရွှင်စရာ။ လောင်းကာပက်ခါ မောင်ကြီးနှမရယ် ပျော်ရွှင်စွာ” …… ဆိုတဲ့ သင်္ကြန်သီချင်းသံတွေကို ကြားရပြီဆိုကတည်းက ကျွန်တော်မှာ အတွေးတစ်ခု ဝင်လာတယ်။ "အော် .. သင်္ကြန်တောင်ရောက်လုနီးပြီပဲ” လို့တွေးတောမိလိုက်ပါတယ်။၂၀၁၉ ခုနှစ်ရဲ့ ခြောက်သွေ့ပူပြင်းသော နွေရာသီကာလဖြစ်သည့် ဧပြီလ၏ နွေဦးအပူရှိန်နှင့်အတူ သင်္ကြန်သီချင်းအချို့ကလည်း ရပ်ကွက်တိုင်း မြို့နယ်တိုင်းလိုလို ကျယ်ကျယ်လောင်လောင်နဲ့ ပျံ့လွင့်လို့လာနေပါပြီ။၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်ကို ကူးပြောင်းချိန်ကတည်းက မဟာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ လူတိုင်းနီးပါး ပြင်ဆင်လို့နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ တစ်နှစ်မှာတစ်ကြိမ်သာ ကျင်းပရတဲ့ပွဲတော်တစ်ခုမလို့ပါပဲ။

တချို့က ကားနဲ့လည်မယ်။ တချို့က မဏ္ဍပ်ထိုင်မယ်။ တချို့က လမ်းလျှောက်သင်္ကြန်လည်မယ် ဆိုတဲ့အသီးသီးသော အတွေးကိုယ်စီနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ ကြိုတွေးနေကြပြီ။ လူတိုင်းအတွေးကိုယ်စီနဲ့ တွေးနေကြတဲ့အချိန်မှာပဲ သင်္ကြန်ကာလကြီးက တဖြေးဖြေး နီးကပ်လို့လာနေပါပြီ။

သင်္ကြန်ကာလဟာ နှစ်စဉ်နှစ်တိုင်း ဧပြီလ ၁၃ ရက်နေ့စလို့ အကြို၊ အကျ၊ အကြတ်၊ အတက်ဆိုပြီး လေးရက်တိုင်ကျင်းပပါတယ်။ရက်ထပ်တဲ့နှစ်မှာတော့ အကြတ်နေ့ ၂ ရက်ဖြစ်ပြီး ၅ ရက်တိုင်ကျင်းပပါတယ်။ အခြားယဉ်ကျေးမူရိုးရာပွဲတော်တွေနဲ့ ကွဲထွက်နေတဲ့ မြန်မာ့ရိုးရာသင်္ကြန်ကတော့ ရေနဲ့ပက်ဖြန်းခြင်းပါပဲ။ သင်္ကြန်ကာလအတွင်းမှာ ပက်ဖြန်းတဲ့ရေဟာ ရောဂါဘယတွေကို ကင်းဝေးစေပြီး နှစ်ဟောင်းကအညစ်ကြေးတွေကို ဆေးကြောခြင်းဖြစ်တယ်လို့ ရှေးလူကြီးသူမတွေက ဆိုကြပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ကတော့ ရန်ကုန်တိုင်းအစိုးရရဲ့ တစ်နှစ်ထက်တစ်နှစ်မတူတဲ့ ပြင်ဆင်မူတွေနဲ့ ရန်ကုန်မြို့ကြီးရဲ့ သင်္ကြန်ကာလကို မွမ်းမံပြင်ဆင်ထားပါတယ်။ဒီနှစ်သင်္ကြန်က အခြားနှစ်တွေထက် ပိုမိုစည်ကားစေတာကတော့ ရန်ကုန်ုမြို့ရဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်ပဲ ဖြစ်ပါလိမ့်မယ်။မြန့်ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ ကျင်းပဖို့ ရန်ကုန်တိုင်းအစိုးရက ချမှတ်ပေးထားတာပဲ ဖြစ်ပါတယ်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက် ၇ အချိန်ခန့်မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်ဗဟိုမဏ္ဍပ်ကို ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို လာရောက်စောင့်ဆိုင်းနေတဲ့ ရန်ကုန်မြို့နေ ပြည်သူများနဲ့ နိင်ငံခြားခရီးသွားဧည့်သည် များစွာကို တွေ့မြင်ရပါတယ်။အဲဒီအချိန်မှာပဲ မြို့တော်ဝန်ဗဟိုမဏ္ဍပ်က ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်နှစ်သစ်ကူးအတာသင်္ကြန်ဖွင့်ပွဲနဲ့အတူ သင်္ကြန်ပွဲတော်ကြီးက အသက်ဝင်ခဲ့ပြီး ရန်ကုန်မြို့တစ်မြို့လုံး အတာသင်္ကြန်ရေများနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။

ရေတွေကြားထဲမှ အတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲတဲ့ နိင်ငံခြားခရီးသွားဧည့်သည်တချို့ကိုလည်း တွေ့သလို တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် အများအပြားကိုလည်း တွေ့မြင်ရပါတယ်။ရေခိုးရေငွေ့တွေကြား ပျော်ရွှင်နေတဲ့ တရုတ်ခရီးသွားဧည့်သည်တချို့ရဲ့ မျက်နှာတွေမှာ သင်္ကြန်အရသာကို နှစ်ခြိုက်စွာခံစားနေရတဲ့ ပုံရိပ်တွေကလည်း ပျံ့လွင့်နေပါတယ်။”ကျွန်တော်တို့ကတော့ သူငယ်ချင်းတွေစုပြီး မြန်မာနိင်ငံကိုလာလည်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နဲ့ ကြုံကြိုက်နေတယ်။ အခုလို ပါဝင်ဆင်နွှဲခွင့်ရတာကိုလည်း အင်မတန်ဂုဏ်ယူမိပါတယ်။ ပျော်လည်းပျော်ဖို့ကောင်းတယ်။ နောက်ပြီး ရေနဲ့ပတ်ခံလိုက်ရတဲ့ ခံစားချက်က လူကိုလန်းသွားစေတာပဲ" လို့ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံအနီးက ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို လာရောက်သူ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦးက ပြုံးရွှင်စွာပြောသည်။

မြန်မာနိင်ငံအတွင်း တရုတ်ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် ရာခိုင်နူန်းပိုများလို့နေပါတယ်။ အခုလိုပွဲတော်ရက်တွေမှာ မြန်မာနိင်ငံကို လာရောက်လည်ပတ်တဲ့ နိင်ငံခြားခရီးသွားဧည့်သည်တွေ အများအပြားရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ စည်ကားလှတဲ့ အတာသင်္ကြန်မှာ ပါဝင်ဆင်နွှဲကြတဲ့ နိင်ငံခြားခရီးသွားဧည့်သည်တွေရဲ့ ပျော်ရွှင်ကြည်နူးမှု မြင်ကွင်းတွေနဲ့အတူ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အပေါ် ကြိုက်နှစ်သက်တဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့ရပါတယ်။

"အာရီးတို့ကတော့ သင်္ကြန်ကို နှစ်တိုင်းပါဝင်ဆင်နွှဲဖြစ်တယ်။ ဒါက မြန်မာ့ရိုးရာပွဲတော်တစ်ခုပဲလေ။ ဒါပေမယ့် ဒီနှစ်သင်္ကြန်ကတော့ ထူးထူးခြားခြား လမ်းလျှောက်သင်္ကြန် ကျင်းပလာတာကို မြင်ရတယ်။ အရင်နဲ့မတူတဲ့ခံစားချက်ကတော့ လမ်းလျှောက်သင်္ကြန်က ပိုပျော်ဖို့ကောင်းနေတာပဲ။ သင်္ကြန်ရေက အစွမ်းရှိတယ်လို့ အန်တီတို့ယုံတယ်။ သင်္ကြန်ရေထိရင် မဖျားမနာဘူး။ ပျော်ပါတယ်။ သင်္ကြန်ကာလကို နောင်နှစ်တွေလည်း ဒီထက်မက စည်စည်ကားကား ကျင်းပနိင်မယ်လို့ မျှော်လင့်ပါတယ်”လို့ မြန်မာပြည်ဖွား တရုတ်အမျိုးသမီးတစ်ဦး ကပြောပါတယ်။

”ကျွန်တော်ကတော့ မြန်မာ့ရိုးရာအတာသင်္ကြန်ကို အခြားနိင်ငံတွေရဲ့ နှစ်သစ်ကူးတွေနဲ့ မတူခြားနားနေတာကို တွေ့ရတယ်။ အရမ်းလဲ ပျော်ဖို့ကောင်းပါတယ်။ ရေတွေကြားထဲမှာ လမ်းလျှောက်ထွက်ရတဲ့ ခံစားမူကတော့ ပြောမပြတတ်အောင်ပါပဲ။ Happy Myanmar New year မှာ အားလုံးပျော်ရွှင်နိင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ နိုင်ငံခြားခရီးသွားဧည့်သည်တစ်ဦး ကပြောသည်။

ရန်ကုန်မြို့ရဲ့ လမ်းလျှောက်သင်္ကြန်နဲ့အတူ ရပ်ကွက်တွေထဲက အုန်းလက်မဏ္ဍပ်တချို့မှာလည်း စည်းကားလို့ နေပြန်ပါတယ်။ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်မှာ အုန်းလက်နဲ့မဏ္ဍပ်ထိုးတာဟာလဲ ဓလေ့တစ်ခုလို့ ဆိုရမှာပါ။ အုန်းလက်မဏ္ဍပ်တစ်ချို့မှာ လူကြီးလူငယ်မရွေး သင်္ကြန်သီချင်းများဖွင့်ပြီး ကခုန်ရေပက်နေကြတာကို မြင်တွေ့ရပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဦးဘဟန်လမ်းက အုန်းလက်မဏ္ဍပ်တစ်ခုမှာ သင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲနေတဲ့ ကိုဇင်မင်းသူကတော့ သူရဲ့သင်္ကြန်အပေါ် ခံစားမူကိုပြောပါတယ်။

"သင်္ကြန်ကာလမစခင် ဧပြီလစပြီဆိုကတည်းက သူငယ်ချင်းတွေက ကားနဲ့လည်ဖို့ အုန်းလက်မဏ္ဍပ်ထိုးဖို့ စပြင်ဆင်နေပြီ။ အစည်းအဝေးတွေ လုပ်နေပြီပေါ့" ဟုရယ်ပြုံးရင်းပြောသည်။

"သင်္ကြန်မှာက လွတ်လပ်မူရှိတယ်။ လူတွေရဲ့စိတ်ထဲက ပျော်ရွှင်မှုတွေလည်း နိုးကြွစေတယ်။ သင်္ကြန်မှာ က ရတာအရမ်းသဘောကျတယ်။ သင်္ကြန်တွင်းမှာ ရပ်ကွက်ထဲ အုန်းလက်ကမဏ္ဍပ်မှာပဲ ပါဝင်ဆင်နွှဲတယ်။ သင်္ကြန်ကို တစ်နှစ်မှတစ်ခါပဲ ပျော်ရွှင်ရတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်မှာ ဘယ်မှလျှောက်မသွားဖြစ်တာများတယ်။ ရပ်ကွက်ထဲပဲနေတယ်။ ဒါပေမယ့် သူငယ်ချင်းတွေစုပြီး အကြတ်နေ့တစ်ရက်တော့ ကားနဲ့လည်ဖြစ်ပါတယ်" လို့ ကိုဇင်မင်းသူ ကပြောပါတယ်။

သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့ ၄ ရက်စလုံးဟာ ရန်ကုန်မြို့တော်ကြီး ရေများနဲ့ လွှမ်းခြုံထားတဲ့ နေ့ရက်အချို့ပါပဲ။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားချိန်မှာတော့ လူတိုင်းရင်ထဲမှာ နောင်နှစ်အတာသင်္ကြန်ကို ဆက်လက်စောင့်မျှော်ရဦးမှာပါလား ဆိုတဲ့ခံစားချက်တွေ စွဲထင်ကျန်ရစ်နေပါတော့တယ်။