ယူနန်တက္ကသိုလ်ပညာတော်သင်များ နယ်စည်းမခြား စေတနာဖြင့်သွေးလှူ

2019-06-14 18:02:07 |သတင်းအရင်းအမြစ် 云南日报

ဇွန်လ ၁၃ ရက်နေ့နံနက် ၉ နာရီတွင် ယူနန်ပြည်နယ် ကူမင်းမြို့ သွေးစင်တာ၏ သွေးလှူဘဏ်ကားသည် ယူနန်တက္ကသိုလ် ချင်ကွန်းကျောင်းခွဲသို့ မောင်းသွားပြီး သွေးအလှူခံရာ ပညာတော်သင်အယောက် ၅၀ နှင့် တရုတ်တက္ကသိုလ်ကျောင်းသူကျောင်းသားများ အတူတကွ သွေးလှူဒါန်းခြင်းဖြင့် လာမည့် ၁၆ ကြိမ်မြောက်“နိုင်ငံတကာသွေးလှူရှင်နေ့”ကို ကြိုဆိုကြပါသည်။

 

ပထမဆုံးကားပေါ်တက်သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပညာတော်သင် ဂျီမူဖြစ်ပါသည်။ ဂျီမူသည် သွေးလှူခြင်းဆိုင်ရာ အမေးဇယားကို ကျင်လည်စွာ ဖြည့်စွက်၍ စစ်ဆေးခံပြီးနောက် သွေးလှူထိုင်ခုံပေါ်တွင် ထိုင်ကာသွေးလှူသည်။ ပထမအကြိမ်သွေးလှူခြင်းမဟုတ်ပါကြောင်း၊ တရုတ်နိုင်ငံသည် သူ၏ “ဒုတိယဇာတိ”ဖြစ်ပါကြောင်း သူနာပြုအား ပြောပြနေသည်။“ယူနန်တက္ကသိုလ်ရှိ ကျောင်းနေဖက်နဲ့ ကျောင်းဆရာ၊ ဆရာမများက ကျွန်တော့်မိသားစုလိုပါပဲ။ ကျွန်တော့်ကို စောင့်ရှောက်ပေးတယ်။ ကျွန်တော်က မကြာခင်မှာ အိမ်ပြန်ရတော့မယ်။ ကိုယ့်အတွက် လွမ်းတမ်းတမိစရာ ချန်ထားချင်တယ်လေ”ဟု သူက ပြောသည်။

 

နံနက် ၁၁ ရာရီ ၄၀ မိနစ်တွင် တရုတ်နာမည် တာ့စန်းဟု ခေါ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသည် ကျောင်းသင်တန်းအပြီး ချက်ချင်းသွေးလာလှူသည်။ စစ်ဆေးရန် ပြင်ဆင်နေစဉ် ပတ်စပို့သည် အဆောင်တွင် မေ့ကျန်နေသည်ကို သိရသည်။ “ကျွန်တော့်ကို ခဏစောင့်ပါဦး။ ပြန်သွားယူမယ်။ ကျွန်တော့်ကို စောင့်ရမှာနော်။”၁၀ မိနစ်အကြာတွင် မောဟိုက်နေသော တာ့စန်းသည် ပတ်စပို့ကိုင်ဆောင်ကာ သွေးလှူဒါန်းနေရာသို့ ပြန်ရောက်လာသည်။ “အချိန်မီပါသေးတယ် ခင်ဗျား။”တာ့စန်းက ပြောင်ချော်ချော်ဟန်အမူအရာဖြင့် ပြောသည်။

 

ပညာတော်သင်များ သွေးလှူဒါန်းနေစဉ် ဖြတ်သန်းသွားလာနေသော တက္ကသိုလ်ကျောင်းသူကျောင်းသားများလည်းပါဝင်သွေးလှူကြသည်။ စီးပွားရေးစီမံခန့်ခွဲမှုကောလိပ် တတိယနှစ်ကျောင်းသူ ကျောင့်ရှီယွိသည် ထမင်းဝယ်ယူပြီး သွေးလှူလာသည်။ “ဒီနေ့ကျွန်မသွေးလှူနိုင်သလား။ စစ်ဆေးပေးပါဦး။”ယခင်က ကျောင့်ရှီယွိသည် သွေးလှူချင်သော်လည်း ကိုယ်ခန္ဓာအားနည်းနေသဖြင့် သွေးမလှူနိုင်ခဲ့ပါ။ “သွေးအားကောင်းတယ်။ အလေးချိန်က သတ်မှတ်ချက်နဲ့ ပြည့်မီပါတယ်။ သွေးလှူလို့ရပါတယ်။”သွေးလှူနိုင်သော သတင်းကို ကြားရသဖြင့် သူမသည် အင်မတန်ဝမ်းသာသွားပါသည်။ “အနီးအနားမှာပဲ သူယ်ချင်းများစွာက သွေးလှူလျက်ရှိတယ်။ ဒီနေ့မှာ သွေးလှူတဲ့ ပညာတော်သင်တွေ များလိုက်တာ။ သူတို့ရဲ့ စိတ်အားထက်သန်မှုကို တော်တော်ခံစားရတယ်။ စေတနာက မခြားဘူး။ ကျွန်မတို့အားလုံးက အသက်ကယ်ဆယ်ရေးအတွက် မိမိအင်အားကို ပေးလှူချင်တယ်။”

 

ညနေ ၁၇ နာရီ ၃၀ မိနစ်အထိ ပါကစ္စတန်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံစသည့် ၉ နိုင်ငံမှ ပညာတော်သင်များပါဝင်သော ပညာတော်သင်ကျောင်းသူကျောင်းသား ၁၀၀ ကျော်နှင့် ယူနန်တက္ကသိုယ် ကျောင်းသူကျောင်းသားများသည် အောင်မြင်စွာသွေးလှူဒါန်းပြီးစီးကာ စုစုပေါင်း ၄၀၀၀၀ မီလီလီတာဝန်းကျင် လှူဒါန်းနိုင်ခဲ့ပါသည်။

သတင်းထောက်။ ။ တိုင်ရှောင်ဖေ