စွဲလမ်းစေတဲ့အစားအစာယူနန်အစပ်အရသာ

2019-07-02 18:31:06 |သတင်းအရင်းအမြစ် 云桥网

“အစပ်မစားရရင် မနေနိုင်တဲ့ဘ၀”လို့ဆိုတဲ့အတိုင်း ယူနန်ပူစပ်စပ်ဟင်းတွေအပေါ် အကောင်းဆုံးညွန်းဆိုချက်ပဲ။

ယူနန်မှာအစပ်အရသာကို ဖန်တီးတဲ့အရင်းအမြစ် ပေါများကြွယ်ဝတယ်။ ရှူးရှဲငရုတ်သီး(ဆင်နှာမောင်းငရုတ်သီး)၊ ဆပ်ငရုတ်သီး၊ ချူပေငရုတ်သီး၊ အတွန့်ငရုတ်သီး၊ ငရုတ်သီးအခြောက်စတာတွေ အမျိုးမျိုးရှိပါတယ်။ စားသုံးသူအဖို့ ရွေးချယ်စရာတွေများတယ်။ အစပ်အရသာဟာယူနန်နယ်သူနယ်သားရဲ့ တစ်နေ့တာမနေ့စာ၊ နေ့လယ်စာနဲ့ညစာမှာ နေရာယူလျက်ရှိတယ်။ ယူနန်ပြည်နယ်ကအစပ်အရသာပါတဲ့ဟင်းတွေ အတူလေ့လာကြပါစို့။

01 အိုးလေးမြီးရှည်

အစပ် စားမယ်ဆိုရင် နံနက်စာကစ စားလိုက်ပါ။ အိုးလေးမြီးရှည် တစ်ပွဲမှာ ငရုတ်ဆီတစ်ဇွန်းထည့်လိုက်ရင် နီရဲရဲငရုတ်ဆီဟာ ဟင်းရည်ပေါ်မှာ မျောနေပေမယ့် အစပ်အရသာက ဟင်းရည်နဲ့ ပေါင်းစပ်သွားပြီဖြစ်တယ်။ ယူနန်နယ်သူနယ်သားတွေက မြီးရှည်တစ်ပွဲစားပြီး တစ်နေ့တာ စိတ်ကြည်နူးလန်းဆန်းနေကြလိမ့်မယ်။

02 ကြက်သားငရုတ်သီးကြော်

ယူနန်မှာ နာမည်အကျော်ကြားဆုံးကြက်သားငရုတ်သီးကြော်ဟာ ချူကျင့်ကျန်ယီကြက်သားငရုတ်သီးကြော်ပါပဲ။ ကျန်ယီကြက်သားငရုတ်သီးကြော်ရဲ့ အရသာဟာ စပ်ပေမယ့် မခါးသီးဘူး။ အရသာလတ်ဆတ်ပြီး စားလို့ ကောင်းလိုက်တာ။

03 ချဉ်စပ်ငါးဟင်း

တာ့လီမြို့ဟာ ချဉ်စပ်ငါးဟင်းစားဖို့ မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုဖြစ်တယ်။ အလ်ဟိုင်ကငါး၊ သင်္ဘောသီးအချဉ်၊ ငရုတ်ရည်၊ ငရုတ်သီးမှုန့်စတာတွေ ပေါင်းစပ်ပြီးပြုတ်ထားတဲ့ ငါးဟင်းရည်က လတ်ဆတ်တယ်။ ချဉ်လည်းချဉ်တယ်။ စပ်လည်းစပ်တယ်။ စားလို့ တအားကောင်းပါတယ်။ တာ့လီရဲ့ ချဉ်စပ်ငါးဟင်းကို မြည်းစမ်းစားသုံးကြည့်မယ်ဆိုရင် ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အရသာပါပဲ။

04 ငရုတ်သီးကင်

ငရုတ်သီးစိမ်းဟာ စပ်လည်းစပ်တယ်။ နည်းနည်း ချိုတယ်။ ယူနန်နယ်သူနယ်သားဟာ ငရုတ်သီးကင်ကို ကြာညို့နဲ့တို့စားရတာ ကြိုက်တယ်။ ကင်ထားတဲ့ ငရုတ်သီးဟာ ပျော့ပျော့လေး။ စပ်ပြီး အချိုပါတဲ့ အရသာဟာ အလွန်ထူးခြားပါတယ်။

05 တိုင်လူမျိုးငါးကင်

ဆပ်ငရုတ်သီး၊ ရှောက်သီးစတာတွေနဲ့ ဆားစိမ်ထားတဲ့ငါးကို ကင်လိုက်ပါ။ အပေါ်ယံမှာ ငရုတ်သီးပါပဲ။ စားလိုက်ရင် လတ်ဆတ်တဲ့ ငါးအသားနဲ့ အစပ်အရသာကို ပြည့်ဝစွာ ရောစပ်ပြီးစားလို့ မ၀နိုင်အောင် ပါပဲ။

06 အသားထောင်းနဲ့ ဟင်းရွက်ထောင်း

အသားထောင်းနဲ့ ဟင်းရွက်ထောင်းဟာ ယူနန်တိုင်လူမျိုးဟင်းလျာတွေအနက် ကိုယ်စားပြုနိုင်တဲ့ ဟင်းလျာတစ်ခုဖြစ်တယ်။ အမဲသားခြောက်ဖြစ်ဖြစ်၊ ကြက်ခြေထောက်ဖြစ်ဖြစ် ဟင်းသီးဟင်းရွက် အမျိုးမျိုးလည်း ထောင်းနိုင်တယ်။ အရသာဟာ ချဉ်စပ်။ ခံတွင်းလည်းတွေ့စေနိုင်ပါတယ်။

07 ငရုတ်သီးမီးဖုတ်တို့စရာ

ငရုတ်သီးမီးဖုတ်တို့စရာဟာ ယူနန်နယ်သူနယ်သားတွေ မရှိမဖြစ် ပြင်ဆင်ကြတဲ့ ဟင်းရံတစ်မျိုးပါ။ ငရုတ်သီးအခြောက်ကို မီးဖုတ်ပြီး ထောင်းလိုက်တယ်။ နံနံပင်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကသစ်ဆူးစတာတွေနဲ့အတူ ဟင်းရည်ထည့်ပြီး ရောမွှေလိုက်တယ်။ တို့စားလို့ ရပြီ။

ယူနန်အစပ်အရသာဟာ တမူထူးခြားတယ်။ စပ်လွန်းရင်တော့ မခံနိုင်ဘူး။ မစပ်ရင်လည်း ငရုတ်သီးဟုတ်မဟုတ် သံသယဖြစ်မယ်။ သင်ကိုယ်တိုင်ရော ယူနန်ရဲ့ အစပ်အရသာဟင်းလျာတွေကို မြည်းစမ်းကြည့်ချင်လား။