ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားအမှိုက်တွေထဲက ရွှေဥယျာဉ်

2019-07-05 18:20:43 |သတင်းအရင်းအမြစ် 云桥网

ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားဥယျာဉ်သည် ပြည်သူတွေအကြား ရေပန်းစားနေသည်။ ရန်ကုန် မြို့လယ်ခေါင်က နောက်ဖေးလမ်းကြားများသည် အရင်နှစ်ကာလတွေတုန်းကလို အမှိုက်များနှင့် ပြည့်နှက် နေခြင်း မရှိတော့ပဲ အမှိုက်ကင်းစင်သော ဥယျာဉ်များအဖြစ် ပြောင်းလဲလျက်ရှိနေပေသည်။ ကလေးကစားကွင်း၊ စိမ်းလမ်းစိုပြေသောပန်းဥယျာဉ်များ၊ အနုပညာလက်ရာမြောက်သော နံရံဆေးရေးပန်းချီများ၊ အပန်းဖြေစရာ နေရာများ၊ စည်းကမ်းတကျထားရှိသော အမှိုက်ပုံးများနှင့် ပညာပေးဆိုင်းဘုတ်များ၊ အခမဲ့စာကြည့်တိုက် များဖြင့် လာရောက်လည်ပတ်ချင်အောင် ဆွဲဆောင်လျက်ရှိနေသည်။

“နောက်ဖေးလမ်းကြားဥယျာဉ်က အွန်လိုင်းမှာ နာမည်ကြီးပြီး ဓာတ်ပုံတွေလဲရိုက်ကြတယ်လေ။ ကျွန်မက နံရံဆေးရေးပန်းချီတွေကို ကြိုက်နှစ်သက်တာရယ် အပန်းဖြေလို့ ကောင်းမယ့်နေရာ တစ်ခုလို့ သတ်မှတ်တာရယ်ကြောင့် လာရောက်လည်ပတ် ဖြစ်ပါတယ်။ နောက်ဖေးလမ်းကြားကို အခုလို ဥယျာဉ်တစ်ခုအဖြစ် ပြောင်းလဲလိုက်တာဟာ ကျန်းမာရေးရှုထောင့်ကရော လူနေမှုဘဝတွေအတွက်ရော ကောင်းပါတယ်။ လေကောင်းလေသန့်ရပြီး ကျန်းမာရေးအတွက်လဲ ကောင်းတာပေါ့” ဟု နောက်ဖေးလမ်းကြား ဥယျာဉ်အား တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်သောကြောင့် လာရောက်လည်ပတ်သူ မတင်ဇာလင်းက မှတ်ချက်ပြုကာ ပြောသည်။

“နောက်တစ်ခုက ဒီမှာဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေကို ကျွန်မကြိုက်တယ်။ ပန်းချီတွေက သဘာဝကျပြီး ရန်ကုန်မြို့ရဲ့ လူနေမှုစရိုက်တွေ၊ မြန်မာမိန်းကလေးတွေရဲ့ မြန်မာ့ရိုးရာဝတ်စားဆင်ယင်ပုံတွေ၊ ကလေးတွေအတွက်လဲ မှတ်ယူစရာပညာဗဟုသုတရစေမယ့် ပန်းချီတွေကို ရေးဆွဲထားကြတယ်။ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တဲ့အခါမှာလည်း အဲ့ဒီပန်းချီတွေကို ကြည့်ရင်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့တွေကို ပုံရိပ်ကောင်းထင်စေမှာပါ” ဟု မတင်ဇာလင်းက နံရံဆေးရေးပန်းချီအကြောင်းကို စိတ်ဝင်စားစွာ ပြောပြသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သော နောက်ဖေးလမ်းကြားဥယျာဉ်ပရောဂျက်အား ဒို့အိမ် လူမှုအကျိုးပြုအဖွဲ့အစည်းနှင့် ရန်ကုန်တိုင်းအစိုးရမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အမှိုက်ပုံများကို အပန်းဖြေအနားယူစရာနေရာများအဖြစ် ပြောင်းလဲနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားနေရာများကို ကျန်းမာရေးနှင့်ညီညွတ်သော အပန်းဖြေအနားယူစရာနေရာများအဖြစ် ပြောင်းလဲပြီး သက်ဝင်လှုပ်ရှားစေခဲ့သည်။ ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းသည် မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် အများပြည်သူဆိုင်ရာနေရာများ ဖန်တီးရေးကို လုပ်ဆောင်နေသည့် ရန်ကုန်အခြေစိုက် နယ်ပယ်စုံ လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

၂၇ လမ်း ၊ ၃၀ လမ်း၊ ၃၁ လမ်း၊ ၃၂ လမ်း၊ ၃၅ လမ်း အစရှိသော လမ်းများသာမက ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားများဟာ ယခုအခါ လာရောက်အပန်းဖြေချင်စရာဥယျာဉ်များအဖြစ် ပြောင်းလဲလို့နေပြီး လာရောက်လည်ပတ်သူများဖြင့် စည်းကားလို့နေသည်။ ရပ်ကွက်အတွင်းမှ ကလေးမှအစ လူကြီးများပါ အပန်းဖြေနိုင်သည့် ဥယျာဉ်တစ်ခုအဖြစ် ရှိနေခြင်းဟာ အမှိုက်ထဲက ရွှေလို့ပဲ ပြောရမည်ဖြစ်သည်။

ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်က လာရောက်လည်ပတ်သူ ဇင်မင်းအောင်က “ကျွန်တော် နောက်ဖေးလမ်းကြားကို ခဏခဏ ရောက်ဖြစ်တယ်။ ဒီနေရာဟာ ရန်ကုန်မြို့ကြီးရဲ့ အပန်းဖြေစရာနေရာရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်လို့ရပါတယ်။ ကျွန်တော် ဒီကိုရောက်ရင် အေးအေးဆေးဆေးနားပြီး မုန့်စားတယ်၊ စာအုပ်ဖတ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ဓာတ်ပုံရိုက်ဖို့လာကျသူတွေလဲ ရှိတယ်။ ဒီမှာက အမြဲသန့်ရှင်းသပ်ရပ် တယ်။ လမ်းအလိုက် ရပ်ကွက်ထဲမှာ နေထိုင်တဲ့ လမ်းသူလမ်းသားတွေက ကိုယ့်ဥယျာဉ်ကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်ကျတာကို တွေ့ရတယ်” ဟု ၎င်းကပြောသည်။

“နောက်ဖေးလမ်းကြားဥယျာဉ်ကို တစ်ပတ် တစ်ခါလောက် လာဖြစ်တယ်။ ကလေးတွေ ကစားနေတာကို ကြည့်ရင်း စိတ်ပျော်ရွှင်ရတယ်။ စိတ်ကို အရမ်းကြည်လင် အေးမြစေပြီး ပျော်ရွှင်သလို ခံစားရပါတယ်” ဟု ဇင်မင်းအောင်က သူ့ခံစားမှုကိုပြောပြသည်။

ကလေးများရဲ့ အော်ဟစ်ဆော့ကစားသံတွေ ပျံ့လွင့်နေပြီး ပန်းပေါင်းစုံစိုက်ပျိုးထားသော ပန်းဥယျာဉ်၊ နံရံဆေးရေးပန်းချီများ၊ အပန်းဖြေစရာနေရာများနှင့် ဖန်တီးထားသော ရန်ကုန်မြို့ရဲ့ အပန်းဖြေချင်စရာ ကောင်းသည့် နောက်ဖေးလမ်းကြားက ဥယျာဉ်ဆိုလျှင် သင်ယုံကြည်လိမ့်မည် မဟုတ်ပေ။ သင်အံ့သြမှင်သက်နေမိမှာ အမှန်ပင်။