တရုတ်စာဂိမ်းပြိုင်ပွဲအား ရန်ကုန်မြို့ရှိတရုတ်စာသင်ကျောင်း (၆)ကျောင်းမှ ပါဝင်ယှဉ်ပြိုင်

2019-08-07 18:03:48 |သတင်းအရင်းအမြစ် 云桥网

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးပြီး အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာကွန်ဖြူးရှပ်တရုတ်စာသင်တန်းကျောင်းမှ တာဝန်ယူကျင်းပသော တရုတ်စာဂိမ်းပြိုင်ပွဲကို သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိဖူဆန် တရုတ်ဘုရားကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ တရုတ်စာသင်တန်းကျောင်း (၆) ကျောင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းပြိုင်ပွဲသည် ကျောင်းသားကျောင်းသူများအား ပျော်ပျော်ရွှင်ရွှင် တရုတ်စာသင်ယူလေ့လာနိုင်ရန်နှင့် သင်ယူလေ့လာလိုစိတ်များ တိုးပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး တရုတ်စာပေယဉ်ကျေးမှုဗဟုသုတများနှင့် ဂိမ်းကစားပြိုင်ပွဲကို ပေါင်းစပ်ထားသည့်အတွက် အသင်းအဖွဲ့လိုက် ပူးပေါင်းယှဉ်ပြိုင်ရသည့် ကစားနည်းများဖြစ်ကြောင်း သိရသည်။

အဆိုပါတရုတ်စာဂိမ်းပြိုင်ပွဲကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ အပါအ၀င်အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ခိန့်ဟုတ်တရုတ်စာသင်ကျောင်း၊ Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ကျန့်ရိုတရုတ်စာသင် ကျောင်း မြန်မာနိုင်ငံတရုတ်အမျိုးသမီးများအသင်း ပညာရေးစင်တာတက်သစ်စ တရုတ်စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တရုတ်စာကို အခြေခံသောပျော်ရွှင်စရာဂိမ်း (၅)မျိုးကို အဖွဲ့လိုက် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယှဉ်ပြိုင်ရာတွင် ကျောင်းတစ်ကျောင်းစီမှ ကျောင်းသားကျောင်းသူ ၅ ဦးတစ်ဖွဲ့မှ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကြရာ အဖွဲ့ဝင်တစ်ဦးမှ ကြက်ဥများကို ခါချပြီး ကျန်အဖွဲ့ဝင်များမှ ခါချသော ကြက်ဥများမှ တရုတ်စာရေးသားထားသော ကြက်ဥအား ရှာကာ တရုတ်စာလုံးအပြည့်အစုံကို ရေးသားခြင်း၊ ဘောလုံးဖောက်ဂိမ်းကစားနည်းဖြင့် ရှေးတရုတ်ပန်းချီစာလုံးကို ခန့်မှန်းရခြင်း၊ တရုတ်စာပါသော ဘောလုံးများကို ရှာဖွေကာ တုတ်တန်းရှည်နှစ်ချောင်းဖြင့် သယ်ဆောင်ရသောနည်းဖြင့် ကစားနည်း၊ ဘောလုံးများကို ကောက်၍ ဘောလုံးအတွင်းပါသော တရုတ်စာကို အခြေခံပြီး တရုတ်နိုင်ငံ၏ပြည်နယ် မြို့နာမည်များကို ပြောကြားခြင်း၊ အန်စာတုံးများပေါ်က တရုတ်စာလုံးများအား တရုတ်စကားပုံ ဖြစ်အောင် ဆက်စပ်ခန့်မှန်းခြင်းစသည့် ဂိမ်းကစားနည်း ၅ ခုကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။

ယှဉ်ပြိုင်အပြီးတွင် ပထမဆုကို အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ ကွန်ဖြူးရှပ်တရုတ်စာသင်တန်းကျောင်း၊ ဒုတိယဆုကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ တတိယဆုကို ကျန့်ရိုတရုတ်စာသင်ကျောင်းမှလည်းကောင်း ဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံတရုတ်အမျိုးသမီးများအသင်းပညာရေးစင်တာတက်သစ်စ တရုတ်စာသင်ကျောင်းနှင့် ခိန့်ဟုတ်တရုတ်စာသင်ကျောင်းက ထူးချွန်နှစ်သိမ့်ဆုများကို အသီးသီးရရှိခဲ့ကြ သည်။

သတင်းထောက် -ဇော်ရဲအောင်