ယူနန်ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး မြှင့်တင်ပွဲ ရှန်ဟိုင်းမြို့တွင် ပြုလုပ်

2019-08-19 18:22:13 |သတင်းအရင်းအမြစ် 云南日报

"နွေဦးပန်းမြို့တော် ကူမင်းကို မျှဝေခံစား" ၂၀၁၉ ခုနှစ် ယူနန်ကူမင်းယဉ်ကျေးမှုနှင့်ခရီးသွားလာမှု မြှင့်တင်ရေးလှုပ်ရှားမှုကို သြဂုတ်လ(၁၆)ရက်မှ (၂၃)ရက်အထိ ရှန်ဟိုင်း ယွီယွမ်ကုန်တိုက်တွင် ကျင်းပရာ တစ်ပတ်တာကာလအတွင်း ယူနန်၏ အဆိုအက၊ စားကောင်းသောက်ဖွယ်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုဈေးတန်း စသည်တို့ဖြင့် ရှန်ဟိုင်းမြို့သူမြို့သားနှင့် ခရီးသည်များအား ယူနန်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၏ ဆွဲဆောင်မှုကို မိတ်ဆက်ပြသကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သိရှိပါသည်။

ယခုအကြိမ် လှုပ်ရှားမှုမှာ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာန၊ ကူမင်းမြို့ ပြည်သူ့အစိုးရတို့က ဦးစီးပြီး ရှန်ဟိုင်းမြို့ ဟွမ်ဖူမြို့နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနနှင့် အတူတကွ ပူးပေါင်းကာ ကူမင်းမြို့ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနနှင့် Yuyuan Inc တို့မှ တာဝန်ယူ ကျင်းပခြင်းဖြစ်သည်။ ယူနန်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းအနေနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနနှင့် Yuyuan Inc တို့သည် ၁၆ နှစ်တာ ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဒေသနှစ်ခုအကြား အရင်းအမြစ်ချိတ်ဆက်ရန် အဆက်မပြတ် မြှင့်တင်ပြီး ယဉ်ကျေးမှုဖလှယ်ရေး တိုးပွားနိုင်ခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုကျင်းပစဉ်တွင် ယွီယွမ်ကုန်တိုက်၌ ဆန်းတင့်ဝေဆာလှသော ယူနန် တိုင်းရင်းသားအဆိုအက တင်ဆက်မှု(၁၆)ခုကို တင်ဆက်သည်။ ယွီယွမ်ကုန်တိုက်၏ ဗဟိုရင်ပြင်သို့ ၀င်ရောက်လိုက်သည်နှင့် ဝေဆာစွာ ဖူးပွင့်နေသော ပန်းမန်ရှုခင်းအလှကို ရှုစားနိုင်ပါသည်။ ကူမင်းယဉ်ကျေးမှုအထူးထွက်ကုန်ဈေးတန်းရှိ ပန်းမန်ဖြင့် ထုတ်လုပ်သော အနုပညာပစ္စည်း၊ ဆပ်ပြာမွှေး၊ ဟင်းသီးဟင်းရွက်ဆီ၊ ပန်းမန်လက်ဖက်ခြောက်နှင့် ဝက်ပေါင်ခြောက်လမုန့်၊ ပန်းမန်မုန့် စသည့် လက်မှုအနုပညာပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း တစ်ရာကျော်သည် ခရီးသည်များ လေ့လာရန်နှင့် ကြည့်ရှုရန် ဆွဲဆောင်နေပါသည်။

ထို့ပြင် ယူနန်စားဖိုမှူးဆယ်ဦးကျော်၏ ကူမင်းစားကောင်းသောက်ဖွယ်များသည် ခရီးသည်များစွာအား ဆွဲဆောင်နိုင်ခဲ့ပါသည်။ "လျှာပေါ်က ပန်းမန်"၊ "ကူမင်း၏ ရှေးဟောင်းအရသာ"၊ "ရှေးဟောင်းယူနန်ယဉ်ကျေးမှု"၊ "လူ့လောကအပြင်ဘက် သဘာဝပတ်ဝန်းကျင်"၊ "တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံ"၊ " အရက်မွှေးအနံ့ ပျံ့နှံ့ခြင်း" စသည့်အဓိကဆောင်ပုဒ်ဖြင့် ဒေသအထူးထွက်အစားအစာ စားကောင်းသောက်ဖွယ်ပြခန်းကို ခင်းကျင်းပြသထားရာ နက်ရှိုင်းသော ယူနန်အရသာနှင့် ပြည့်နှက်လျက်ရှိနေပါသည်။

ဤလှုပ်ရှားမှုကျင်းပသည့်ကာလအတွင်း ကူမင်းမြို့သို့ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မိတ်ဆက်ပွဲကို ကျင်းပခဲ့သည်။ Yuyuan Inc သည် ရိုးရာ IP ထုတ်ဖော်ခြင်း၊ ယဉ်ကျေးမှုလှည့်လည်ပြပွဲ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးစနစ်ကို နက်ရှိုင်းစေခြင်း စသည့် နယ်ပယ်များတွင် ယူနန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

သတင်းထောက်-- Wang Huan