ရောင်စုံယူနန်တွင် လတ်ဆတ်သောပန်းမန်များ ဖူးပွင့်လျက်ရှိသည်။ အကြိမ်(၂၀)မြောက် တရုတ်ကူမင်းအပြည်ပြည်ဆိုင်ရာပန်းမန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကူမင်းတျိန်ချီအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ဟော်လန်၊ အစ္စရေး၊ အင်္ဂလန်၊ ဂျာမနီ၊ ယူဂန္ဓာ၊ အီကွေးဒိုး စသည့်နိုင်ငံ(၁၈)ခုမှ ပန်းမန်ဥယျာဉ်လုပ်ငန်းအဖွဲ့ (၄၇)ခုနှင့် ပြည်တွင်း ပန်းမန်လုပ်ငန်းအဖွဲ့ (၄၀၀)ကျော်သည် အဆိုပါပန်းမန်ပြပွဲကို တက်ရောက်ကြကြောင်း သိရပါသည်။
“သန့်ရှင်းတဲ့ လေကောင်းလေသန့်၊ ကြည်လင်တဲ့ ရေသောက်မြစ်၊ ပေါများကြွယ်ဝတဲ့ နယ်မြေနဲ့ ပြည့်ဝတဲ့ နေရောင်ခြည် စတာတွေဟာ ယူနန်ပန်းမန်စိုက်ပျိုးရေးဖို့ တမူထူးခြားတဲ့ သဘာဝ အားသာချက်တွေ ပေးစွမ်းနိုင်ပါတယ်။”ဟု ယူနန်ပြည်နယ်စိုက်ပျိုးရေးနှင့် ကျေးရွာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ရှယ်ဟွေ က မိတ်ဆက်ပြောကြားသည်။ ၂၀၁၈ ခုနှစ် ယူနန်ပြည်နယ် လတ်ဆတ်သော ပန်းမန်ထွက်ကုန်ပမာဏမှာ အပင်ပေါင်း ၁၁.၂ ဘီလီယံရရှိပြီး အလှစိုက်ပန်းအိုးမှာ ၄၃၀ သန်း ရှိကြောင်း၊ ကာနေးရှင်းပန်း ထွက်ကုန်ပမာဏမှာ တရုတ်နိုင်ငံ၏ ၈၅% အထက်ရှိကာ နှင်းဆီပန်း ထွက်ကုန်ပမာဏမှာ တရုတ်နိုင်ငံ၏ ၇၀% ရှိကြောင်း၊ ပန်းမန်အမျိုးအစားသစ်လည်း ဆန်းတင့်ဝေဆာသကဲ့သို့ တုံနန်ပန်းမန်ရောင်းဝယ်ရေးဈေးလည်း တစ်နေ့တခြား ဖြစ်ထွန်းလာကြောင်း၊ ကူမင်း၊ ယွီရှီး စတဲ့ ရိုးရာပန်းမန်ထွက်ဇုန်ကို မြှင့်တင်တည်ဆောက်နေသကဲ့သို့ ဟုန်ဟော်၊ ချူကျင့်၊ ချုံရွှံ့၊ တာ့လီ၊ လီကျန်း စသည့် ထွန်းသစ်စဇုန်များလည်း အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း၊ ယူနန်ပြည်နယ်သည် ကမ္ဘာပေါ်တွင် အရေးပါသော အဆင့်မြင့်ပန်းမန်ထွက်ဇုန် ဖြစ်လာကြောင်း ရှယ်ဟွေသည် ဆက်လက်ပြောကြားပါသည်။
ယခုလက်ရှိအချိန်တွင် ယူနန်ပြည်နယ်သည် ကမ္ဘာ့ထိပ်တန်း “မြစိမ်းရောင်စားသောက်ကုန်” ကို ဖော်ဆောင်လျက်ရှိရာ တရုတ်နိုင်ငံ “အလှပဆုံးပြည်နယ်”ကို တစိုက်မတ်မတ် တည်ဆောက်နေ ကြောင်း၊ ပန်းမန်လုပ်ငန်းမှာ “မြစိမ်းရောင်စားသောက်ကုန်” ၏ အရေးပါလုပ်ငန်း(၈)ခုတွင် ပါဝင်ပြီး ၂၀၂၀ ပြည့်နှစ် ထွက်ကုန်ငွေပမာဏမှာ တရုတ်ယွမ်(၁၀၀)ဘီလီယံဖြစ်မြောက်အောင် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယူနန်ပန်းမန်လုပ်ငန်းသည် ယူနန်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေသည့် ကောင်းမွန်သောလုပ်ငန်း ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။
သတင်းထောက် -- Xiong Qiang၊ Xia Fanghai