၂၀၀၄ ခုနှစ်မှစတင်ပြီး ယူနန်ပြည်နယ် တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီကျိုးမြို့နယ်ကို ရောက်ရှိကတည်းက အမေရိကန်နိုင်ငံသားဖြစ်သူ လင်သိန်းသည် တာ့လီနှင့် ခွဲ၍မရပါ။ ယခုအချိန်တွင် ဒေသခံရွာသူရွာသားများသည် လင်သိန်းကို “နိုင်ငံခြားသား ရွာသူကြီး”ဟု ချစ်ခင်စွာ ခေါ်ဝေါ်ပြီး သူကလည်း အမြဲပြုံးရွှင်နေတတ်သည်။ “အခု ကျွန်တော့်အတွက် အရေးကြီးတဲ့ကိစ္စက တရုတ်ယဉ်ကျေးမှု ဖြန့်ဝေသူအဖြစ် ကောင်းကောင်းဆောင်ရွက်မယ်လေ”ဟု သူကပြောပါသည်။
လင်သိန်းသည် ၁၉၆၀ ပြည့်နှစ်ကာလတွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ ကော်လံပြာအလုပ်လုပ်ကိုင် သည့် အခြေခံမိသားစုမှ မွေးဖွားသူ ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် လူငယ်တစ်ဦးအနေဖြင့် လင်သိန်းသည် မွန်းလွဲပိုင်းတွင် ကော်ဇောသန့်ရှင်းရေး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီး ညပိုင်း၌ ရပ်ကွက်တက္ကသိုလ် တွင် ပညာလေ့လာခဲ့သည်။
ထိုအချိန်ကာလ၏တစ်နေ့၌ ချီကာဂိုရှိ ပါမောက္ခတစ်ဦးထံမှ တရုတ်အစိုးရက နိုင်ငံတကာပညာတော်သင် များအတွက် ပညာသင်ဆုချီးမြှင့်မည့်သတင်း ရရှိခဲ့ပြီး သူသည် ပါမောက္ခ၏အားပေးမှုကြောင့် မျှော်လင့် ချက်အပြည့်ဖြင့် တရုတ်ထံ ဆက်သွယ်ရန်ဖုန်းကို ဆက်ခဲ့သည်။
ထိုနှစ် သြဂုတ်လတွင် သူသည် တရုတ်နိုင်ငံကို အဆင်ပြေစွာရောက်ရှိလာသည်။
ပညာသင်ယူခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ နန်ကျင်းတက္ကသိုလ်တို့ အဆင့်မြင့်ပညာ လေ့လာခြင်း စသည်တို့ ဆောင်ရွက်သော လင်သိန်းသည် တရုတ်နိုင်ငံ နေထိုင်မှုအတွေ့အကြုံမှာ အလွန်ပေါကြွယ်လှပါသည်။ နောက်ပိုင်းတွင် သူသည် Stanford တက္ကသိုလ်သို့ ဒေါက်တာဘွဲ့ရအောင် ပညာသင်ယူခဲ့သည်။ ဆွီဒင်နိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းတစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ခဲ့ပြီး နိုင်ငံအသီးသီးသို့ နိုင်ငံတကာ ပညာရေးစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။
လင်သိန်းသည် ပထမကလေးမွေးဖွားပြီးနောက် ဟိုဟိုသည်သည် မရပ်မနား ပြေးပြေးလွှားလွှား အလုပ်လုပ်ရသည့်အစား တစ်နေရာတည်းတွင် တည်ငြိမ်စွာလုပ်ကိုင်နိုင်သည့်အလုပ်ကို ရှာဖွေရန် စဉ်းစားခဲ့သည်။
သူ့နှလုံးသားထဲတွင် တရုတ်နိုင်ငံအပေါ် ထူးခြားသောသံယောဇဉ်ရှိသူဖြစ်ပြီး တရုတ်နိုင်ငံအတွက် အကျိုးဆောင်ချင်သူဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် သူသည် အမေရိကန်မှနေအိမ်ကို ရောင်းချပြီး ဒေါ်လာ ၆ သိန်းကို စုဆောင်းပြီးနောက် ဇနီးနှင့်သားနှစ်ဦးကို တရုတ်နိုင်ငံကို ခေါ်လာခဲ့ပါသည်။
တရုတ်နိုင်ငံအတွင်း ဒေသအသီးသီးသို့ လေ့လာပြီးနောက် သူသည် တာ့လီရှီကျိုးတွင် အခြေချခဲ့သည်။ “ဒီနေရာမှာ ယဉ်ကျေးမှုက ရှင်သန်နေတယ်။ ဒေသခံရွာသူရွာသားတွေကလည်း သဘောထားကြီးတယ်။ ဇာတိရဲ့နွေးထွေးမှုကို ခံစားမိတယ်”ဟု သူက ပြောသည်။
တာ့လီအစိုးရ၏ ကူညီထောက်ပံ့မှုကြောင့် လင်သိန်းသည် ဒေသခံနေအိမ်ဟောင်းတစ်လုံးကို ငှားပြီး အလုပ်သမား ၁၀၀ ကျော်ကို ငှားရမ်းကာ အိမ်ဟောင်းကို မွမ်းမံပြင်ဆင်၍ တည်းခိုခန်းအဖြစ် ဖွင့်လှစ်ထားသည်။ ၎င်းတည်းခိုခန်းအား ရှီလင်ယွမ်ဟု အမည်ပေးခဲ့သည်။
တည်းခိုခန်း၏ လည်ပတ်မှု ပုံမှန်အခြေအနေရောက်ရှိပြီးနောက် လင်သိန်းသည် ဥရောပနှင့် အမေရိကန် တို့မှ ကျောင်းများနှင့် ပူးပေါင်းကာ ပညာရေးစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ၎င်းစီမံကိန်းများသည် ရှီကျိုးအား နိုင်ငံခြားကျောင်းသူကျောင်းသားများအတွက် တရုတ်ကို သိရှိနားလည်စေသည့် ပြတင်းပေါက် ဖြစ်လာစေခဲ့သည်။
ဥပမာအားဖြင့် ရှန်ဟိုင်းအမေရိကန်ကျောင်းမှ ကျောင်းသူကျောင်းသားများသည် ရှီကျိုးမြို့နယ်၏ ကျေးလက်တွင် အသက် ၆၅ နှစ်အရွယ်အထက်ရှိ သက်ကြီးရွယ်အိုရွာသားများနှင့်အတူနေထိုင်စေပြီး နောက်ဆုံးတွင် ၎င်းသက်ကြီးရွယ်အိုအတွက် ဗီဒီယိုတစ်ခုရိုက်ကူးစေသည်။ Middlebury တက္ကသိုလ်၏ ကျောင်းသူကျောင်းသားများသည်လည်း ရှီကျိုးတွင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးလေ့ရှိပြီး ထို့အတူ ကျောင်းသားတိုင်းသည် ရှီကျိုးနှင့်ဆိုင်သောစာအုပ်တစ်အုပ်ကို ပြီးစီးအောင် ရေးသားမည်ဖြစ်သည်။
ယခုအချိန်ထိတိုင် ရှီလင်ယွမ်သည် အမေရိကန်၏ Sidwell အထက်တန်းကျောင်း၊ ရှန်ဟိုင်းအမေရိကန် ကျောင်း၊ Princeton တက္ကသိုလ်၊ Yale တက္ကသိုလ်၊ Indiana တက္ကသိုလ် Kelley စီးပွားရေးကျောင်းတို့နှင့် အလားတူပညာရေးစီမံကိန်းများကို ဆောင်ရွက်နေသည်။
“ကျောင်းသူကျောင်းသားအချို့က အမေရိကန်ရဲ့ အကောင်းဆုံးကျောင်းတွေက လာသူများ ဖြစ်တယ်။ သူတို့က နောင်မှာ နယ်ပယ်အသီးသီးရဲ့ ခေါင်းဆောင်ဖြစ်နိုင်မယ်။ တရုတ်နိုင်ငံမှာ ပညာသင်ယူတာနဲ့ နေထိုင်တာ ၅ လလောက်ရှိပြီဆိုရင် သူတို့အတွက် တရုတ်နိုင်ငံကို ပိုမိုပြည့်ပြည့်စုံစုံသိရှိလာကြပြီး တရုတ်အပေါ် နားလည်မှု ချစ်ခြင်းမေတ္တာတွေလည်း ဖြစ်ပေါ်လာတယ်။”
၂၀၀၈ ခုနှစ်နောက်ပိုင်း ၁၀ နှစ်တာကာလတွင် လင်သိန်းသည် ဟိုတယ်နှစ်ခုကို ထပ်မံဖွင့်လှစ်ခဲ့ပြီး လုပ်ငန်း ပိုမိုကြီးထွားလာသည်နှင့်အညီ သူသည်လည်း ပညာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့်ပရဟိတအလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ထည့်သွင်းဆောင်ရွက် ခဲ့သည်။
၁၀ နှစ်တာကာလအတွင်း ရှီလင်ယွမ်တည်းခိုခန်းသည် တရုတ်ပြည်တွင်းပြည်ပဧည့်သည်ဦးရေ ၂ သိန်းကို လက်ခံခဲ့ပြီး ၎င်းအနက် သံတမန်အရာရှိ၊ လုပ်ငန်းရှင်ကုန်သည်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ Nobel ဆုဆွတ်ခူးရရှိသူများ ပါဝင်ပါသည်။
“တရုတ်ယဉ်ကျေးမှုက စွဲဆောင်မှု အပြည့်ရှိတယ်။ တရုတ်ရဲ့ စွဲဆောင်မှုနဲ့ ပုံရိပ်အစစ်အမှန်ကို ကမ္ဘာကြီးကို မျှဝေနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု လင်သိန်းက ပြောသည်။