မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းမှ စီစဉ်သော နှင်းစက်နှင့်လမ်းပန်းချီပြပွဲ ၃ ရက်တိုင်ပြသမည်

2020-01-20 16:45:30 |သတင်းအရင်းအမြစ် 《吉祥》杂志

မြန်မာ - တရုတ် ယဉ်ကျေးမှုအသင်းမှ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာတွေကို ထိန်းသိမ်းစေနိုင်ရန် ရည်ရွယ်၍ နှင်းစက်နှင့်လမ်း ခေါင်းစဉ်ဖြင့် ပန်းချီပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၃ ရက်တိုင် ပြသမည်ဖြစ်ကြောင်းသိရသည်။
ကျွန်တော်တို့ မြန်မာ - တရုတ် ယဉ်ကျေးမှု အသင်းအနေနဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို ထိတွေ့ခံစားနိုင်အောင် မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ ပန်းချီပြပွဲကို စီစဉ်ဖြစ်တာပါ။ တရုတ် - မြန်မာယဉ်ကျေးမှုကို ပုံဖော်တဲ့အနေနဲ့လည်း တရုတ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ ပန်းချီကားတွေကိုလည်း ထည့်သွင်းပြသထားပါတယ်။ ဒီပန်းချီပြပွဲကတော့ ပထမဆုံးခြေလမ်းပေါ့ နှစ်နိုင်ငံယဉ်ကျေးမှုတွေပါဝင်တဲ့ ပြပွဲတွေလဲ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ဟု မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောသည်။

ယင်းပန်းချီပြပွဲတွင် ပြည်တွင်းမှ ပန်းချီဆရာ ၁၇ ဦးတို့ ရေးဆွဲထားသော ပန်ချီကားပေါင်း ၆၅ ကား ပြသထားပြီး ထိုပန်းချီကားများသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ အနုပညာများ၊ သဘာဝအလှများ၊ တောတောင်ရေမြေရှုခင်းများ၊ လူနေမှုဘဝများအပါအဝင် တရုတ်နိုင်ငံ၏ ရှုခင်းရသများကို ခံစားပုံဖော်ထားသော ပန်းချီကားများလည်း ပါဝင်ပြသထားကြောင်း သိရသည်။

မြန်မာ - တရုတ် ယဉ်ကျေးမှုအသင်း ပန်းချီပြပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် ပန်းချီဆရာတစ်ဦးဖြစ်သူလည်း ပန်းချီနီပိုးဦးက ကျွန်တော်ဒီပြပွဲမှာပန်းချီ ၅ ကား ပါဝင်ရေးဆွဲထားပါတယ်။ ရေးဆွဲထားတဲ့ကားတွေက မြန်မာနိုင်ငံရဲ့ အလှအပတွေနဲ့သဘင်အနုပညာတွေ ပါဝင်တဲ့ပန်းချီကားတွေရယ် ကျွန်တော် တရုတ်နိုင်ငံပေကျင်းကို ရောက်ခဲ့စဉ်က ပေကျင်းရဲ့ရှုခင်းတွေပေါ့နော် အဲ့တာတွေရေးဆွဲပြသထားပါတယ်ဟု ပါဝင်ရေးဆွဲဖြစ်ပုံကို ၎င်းကဆိုသည်။

တရုတ် - မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာ - တရုတ် ယဉ်ကျေးမှုအသင်းမှ နှစ်နိုင်ငံမှ ပန်းချီပညာရှင်များပါဝင်သည့် ပန်းချီပြပွဲကို စီစဉ်ဆောင်ရွက်နိုင်အောင် ကြိုးစားနေကြောင်းအသင်းမှ သိရသည်။

မြန်မာ - တရုတ် ယဉ်ကျေးမှုအသင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုဖွဲ့စည်းခွင့်ပြုထားသည့် အသင်းဖြစ်သည်။ အသင်းအနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများအပြင် လူမှုကူညီရေးလုပ်ငန်းများကို ပါဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းထောက်။ ။ဇော်ရဲအောင်(“မင်္ဂလာ”မဂ္ဂဇင်း)