အစာလည်းဆေး၊ ဆေးလည်းအစာ

2020-10-23 17:36:41 |သတင်းအရင်းအမြစ် 云桥网

ကျွန်တော်တို့သည် အသက်ရှင်နေထိုင်ရေးအတွက် နေ့စဉ် အစားအစာများ စားသုံးကြရသည်။ အစားအစာများကို စားသုံးရာတွင် ရာသီအလိုက် မျှတသောအစားအစာ စားတတ်ရန် လိုအပ်ပြီး ၎င်းနှင့်အတူ ကျန်းမာသော လူနေမှုပုံစံဖြင့် နေထိုင်ခြင်းသည် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသည့်မြန်မာ့ဆိုရိုးစကားကဲ့သို့ပင် ဘဝတစ်သက်တာအတွက် ကျန်းမာရေး ကောင်းမွန်တိုးတက်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးကြီးသော လိုအပ်ချက်ပင်ဖြစ်ကာ ရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

လူတိုင်းသည် အသက်ရှည်လိုကြသည်။ အသက်ရှည်ခြင်း၏ အကြောင်းတရား ၄ ပါး အဖြစ် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဟု ပြဌာန်းထားရာ အစားအစာဟု ဆိုရမည့် အာဟာရသည် မည်မျှ အရေးကြီးကြောင်း သိနိုင်ပေသည်။ “အသွားမတော် တစ်လှမ်း” “အစားမတော် တစ်လုပ်” ဟူသော စကားနှင့်လည်း သတိပေးထားသေးသည်။ မြန်မာလူမျိုးများသည် ရှေးယခင်အခါများကပင် ဓာတ်စာဟူ၍ ရာသီစာကို ကြည့်ကာ ချင့်ချိန်စားသောက်လာ ကြသော ဓလေ့ရှိသည်။ ထိုကြောင့်ပင် မြန်မာလူမျိုးတို့၏ အစားအစာအပေါ် တန်ဖိုးထားသည့် “ဆေးလည်းအစာ အစာလည်းဆေး” ဟူသော ဆိုရိုးစကားရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အခြားသောနိုင်ငံများနှင့်မတူသည့် အစားအသောက် ဓလေ့များ ရှိပါသည်။ အစားကောင်းနှစ်သက်သူများအတွက် “အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်” ဟူသည့် ဆိုရိုးစကားအတိုင်း သစ်သီးတွင် သရက်သီးကို အကြိုက်ဆုံး ဖြစ်ပြီး အသားတွင် ဝက်သားသည် အကောင်းဆုံး၊ အရွက်တွင် လက်ဖက်ကို အနှစ်သက်ဆုံး ဖြစ်သည်။ မြန်မာလူမျိုးတို့က အစားကောင်းဖြစ်ပြီး အနှစ်သက်ဆုံးသော လက်ဖက်ကို အိမ်ဧည့်ခန်းတွင် မရှိမဖြစ် စားစရာတစ်မျိုးအဖြစ်ထားရှိလေ့ရှိကြသည်။ ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း)နှင့် တခမ်းတနား ဧည့်ခံသော အလေ့အထ ရှိသည်။ ယခုခေတ်ကာလတွင် လက်ဖက်ဖြင့်ဧည့်ခံသည့် ထူးခြားသော မြန်မာဓလေ့ကို ကျေးလက်ဒေသများတွင် တွေ့နိုင်ပြီး မြို့ပြများတွင်မူ ပွဲလမ်းသဘင်များ၌သာ ဧည့်ခံသည်ကို ပိုမိုတွေ့နိုင်တော့သည်။

ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်မှုပုံစံများသည် ကမ္ဘာတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ၏ အဓိက အရင်းခံအကြောင်းတရား ဖြစ်နေရာ ကျန်းမာရေးနှင့်ညီညွတ်ပြီး ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာများကို လူတိုင်းရရှိစားသုံးနိုင်ရေးသည် ချက်ချင်းလုပ်ဆောင်ရမည့် လိုအပ်ချက်ဖြစ်နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က တိုက်တွန်းထားသည်။

ကမ္ဘာတဝန်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသကဲ့သို့ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကိုဗစ် ၁၉ ကပ်ရောဂါ သက်ရောက်မှု ရှိခဲ့သည်။ အိမ်‌ထောင်စုများ၏ ၁၁ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာအတွက် အခက်အခဲ ကြုံခဲ့ရပြီး စစ်တမ်းကောက်ယူခဲ့သည့် နေ့ရက်မတိုင်ခင် ရက်သုံးဆယ်အတွင်း ယင်း အိမ်ထောင်စုများရှိ အရွယ်‌ရောက်ပြီးသူ တစ်ဦးသည် ယခင်နှင့် နှိုင်းယှဉ်ကြည့်ပါက အစားအစာ ပမာဏ လျှော့နည်း၍ စားခဲ့ရကြောင်း တွေ့ရှိရသည် ဟု ကမ္ဘာ့ဘဏ်၏ လေ့လာသုံးသပ်ထားသည့် စစ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အစားအစာ ပေါကြွယ်ဝသည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလုံ၊ စပါးတောင်လိုပုံ” ဟူသည့် ဆိုရိုးစကားရှိသည့် မြန်မာနိုင်ငံသည် ရှေးယခင်ကာလများက အစားအစာဖူလုံခဲ့သည်ကို ထင်ဟပ်ပြသနေပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အိမ်တွင်နေထိုင်ရသည့်အချိန်ကာလတစ်ခု၌ အလုပ်အကိုင်အခက်အခဲ၊ အစားအသောက် အခက်အခဲ ကြုံခဲ့ကြရသည်။ စားသောက်ရေးအတွက် နိုင်ငံတော်၏ ထောက်ပံ့မှုများ၊ ကျွေးမွေးလိုစိတ် အရင်းခံစေတနာဖြင့် ကုသိုလ်ဒါနပြုကြသူများ၊ အဟာရဒါနပြုသူများဖြင့် အစားအစာအခက်အခဲအတွက် ဖြေရှင်းနိုင်ခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်မှုကင်းစင်ရေးကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ကြိုးပမ်းခဲ့ကြသော်လည်း လျှော့ကျခြင်းမရှိဘဲ အာဟာရမပြည့်ဝသူဦးရေသည် လက်ရှိတွင် ပြန်လည်မြင့်တက်လာ နေကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ထုတ်ပြန်ထားသည်။

ကျွန်တော်တို့သည် နေ့စဉ်ဘဝတွင် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရသည်။ ချမ်းသာပြည့်စုံသောဘဝတွင် နေထိုင်နိုင်ရေးအတွက် ကျန်းမာသောနေထိုင်မှုပုံစံဖြင့် ဖြတ်သန်းကြရန် လိုအပ်သည်။ အစားအစာသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။ “အစားလည်းဆေး၊ ဆေးလည်းအစာ”ဖြစ်သည့်အလျောက် နေ့စဉ်စားသုံးမှုတွင် ကျန်းမာစေသော အစားအစာကို ရွေးချယ်စားသုံးကြရင်းဖြင့်သာ ကျန်းမာပျော်ရွှင်သည့် ချမ်းသာပြည့်စုံသောဘဝတွင် နေထိုင်နိုင်ကြမည် ဖြစ်ပေသည်။

အစားအစာ ဖူလုံရန်ဆိုသည်မှာ အစားအစာခြိုးခြံခြွေတာခြင်းကလည်း အဓိကကျပါသည်။ ကျွ‌န်တော်တို့ နေ့စဉ်ချက်ပြုတ် စားသောက်ကြရာတွင် တစ်ခါတရံ ပိုလျှံနေတတ်သည်။ ထမင်းပိုချက်မိသောနေ့တွင် စားမကုန်သည့်ထမင်းများကို နောက်တစ်နေ့တွင် ထမင်းကြော်ကာ နံနက်စာအဖြစ် စားတတ်ကြသည်။ တစ်ခါတရံ ထမင်းခြောက်လုပ်ကာ အထားခံအောင်လည်း လုပ်ထားလေ့ရှိသည်။ အလေအလွင့် မရှိအောင် အိမ်ရှင်မများက စီမံတတ်ကြသည်။ ကျွန်တော်တို့ မန္တလေးမြို့တွင် ဟင်းကျန်များကို ဝက်စာအဖြစ် လာရောက်သိမ်းဆည်းသူများရှိသည်။ ပိုလျှံမှုမရှိအောင် လိုအပ်သလောက်သာ ချက်ပြုတ်စားသောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။(ဆောင်းပါးရှင်၊ ဘဦး)