နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
ကံကောင်းအကြောင်းလှသော “နှလုံးသား”မျှော်လင့်ချက်များ ရှိလာ

2020-07-09 16:52:19 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

 

“ကူမင်းမြို့ရဲ့ဆောင်းဦးမှာ ငါဟာ နေရောင်ခြည်ရယ်၊ နွေးထွေးမှုရယ်၊ အစိမ်းရောင်ရယ်၊ ရှင်သန်မှုရယ်တို့ကို ခံစားမိတယ်။ မကြာခင်မှာ ငါလည်း စင်ရော်ငှက်လေးတွေလို လွတ်လပ်စွာ ဆော့ကစားလာနိုင်တော့မှာပါ” ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးမှ သမီးလေး မရတနာခင်က ဒိုင်ယာရီထဲတွင် ဤသို့ ရေးမှတ်ခဲ့လေသည်။ သမီးလေးသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ- ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး” အစီအစဉ်ဖြင့် အခမဲ့ ခွဲစိတ်ကုသမှု ခံယူရရှိခဲ့သော ဒုတိယအသုတ် မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များထဲက တစ်ဦး ဖြစ်လေသည်။ ထိုစဉ်က မရတနာခင်သည် ယူနန်ပြည်နယ် ဖုဝိုက် နှလုံးနှင့်သွေးကြောရောဂါ အထူးကုဆေးရုံကြီး၌ ခွဲစိတ်ကုသမှု ခံယူရန် စောင့်ဆိုင်းနေခဲ့ပေသည်။

ခွဲစိတ်ကုသမှု ခံယူဖို့ စောင်းဆိုင်းနေစဉ် သမီးလေး မရတနာခင်မှာ စိတ်လှုပ်ရှားနေ၏။ စိတ်လှုပ်ရှားမှု ပြေပျောက်စေရန်အလို့ငှာ သူက စက္ကူကြိုးကြာရုပ် အခုတစ်ထောင် စခေါက်လေသည်။ တစ်ခုခေါက်ပြီးတိုင်းလည်း ဤသို့ ဆုတောင်းခဲ့လေ၏-- သမီး သူငယ်ချင်းတွေနဲ့အတူ ကျောင်းမှာ အတူ ပျော်ရွှင်စွာ ဆော့ကစားနိုင်ရပါစေ၊ သမီး ကြီးလာတဲ့အခါ ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင်လုပ်ပြီး နေမကောင်းတဲ့ ကလေးတွေကို ဆေးကုပေးနိုင်ပါစေ...

တောင်းဆုတစ်ခုချင်းစီက သမီးလေး မရတနာခင်၏ “နှလုံးသား”မျှော်လင့်ချက်အဖြစ် သီကုံးဖြစ်တည်လာခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်းက ယူနန်ခွဲစိတ်ဆရာဝန်ကြီးများက သူ့အား ခွဲစိတ်ကုသ၍ နှလုံးခန်းမအကန့် ချွတ်ယွင်းမှု ပြုပြင်ခြင်း၊ သွေးလွှတ်ကြောမအဆို့ရှင်အောက်အကန့်လှီးထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

“ရှဲ့ရှဲ့” ၎င်းမှာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် သမီးလေး မရတနာခင် ပထမဆုံး ပြောခဲ့သည့် စကားဖြစ်သလို သူ ပြောတတ်သည့် တစ်ခွန်းတည်းသော တရုတ်စကားလည်း ဖြစ်လေသည်။ နေရောင်ခြည် အလင်းတန်းတစ်ခု လူနာခန်းထဲ ထိုးဖောက်ဝင်လာပြီး မရတနာခင်၏ မျက်နှာထက်က အပြုံးရိပ်ပေါ်သို့ ကျရောက်လာခဲ့လေသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ခွဲစိတ်ကုသမှု အောင်မြင်၍ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော သမီးလေး မရတနာခင်သည် “တရုတ်-မြန်မာသံယောဇဉ်၊ တစ်မိသားစုလုံးပြုံးပျော်ရွှင်” တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲအခမ်းအနား၌ မိမိ၏ အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့သည်။ “မွေးကတည်းက သမီးဟာ မွေးရာပါ နှလုံးရောဂါ ခံစားလာခဲ့ရပါတယ်။ အခမဲ့ ခွဲစိတ်ကုသမှု မခံရခင်တုန်းက သမီးဟာ ရောဂါဝေဒနာကို ဆေးနဲ့ပဲ ထိန်းချုပ်ခဲ့ရပါတယ်။ သမီး ကောင်းကောင်းမွန်မွန် ပညာသင်ယူနိုင်ဖို့အတွက် ဖေဖေဟာ အလုပ်ပင်ပန်းတဲ့ကြားထဲက သမီး ရောဂါကို ကုသပေးနိုင်မယ့် ဆရာဝန်ကြီးတွေကို ရှာဖွေ စုံစမ်းခဲ့ရပါတယ်” ယူနန်မှာ ရှိနေခဲ့စဉ် အကောင်းဆုံး ဆေးကုသမှုကို ခံယူရရှိခဲ့ကြောင်း၊ ယခုအခါ တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာနေပြီဖြစ်ကြောင်း၊ မိမိကို ကူညီခဲ့ဖူးသည့် ဆရာဝန်ကြီးများအား သိပ်ကိုသတိရနေပါကြောင်း၊ မိမိ၏ လက်တလောအခြေအနေကို သူတို့အား ပြောပြချင်ပါကြောင်း မရတနာခင်က ပြောပါသည်။

တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ်ကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ် ဖုဝိုက် နှလုံးနှင့်သွေးကြောရောဂါအထူးကုဆေးရုံကြီးတို့ ပူးပေါင်းစီစဉ်သည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ- ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး” မွေးရာပါ နှလုံးရောဂါဝေဒနာရှင်ကလေးငယ်များအား ကူညီထောက်ပံ့ရေး အစီအစဉ်ကို မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်မှ စ၍ အကောင်အထည်ဖော်လာခဲ့ပြီးနောက်ပိုင်း မရတနာခင်တို့လို မြန်မာကလေးငယ် အမြောက်အမြားနှင့် ယင်းတို့၏မိသားစုများမှာ ကူညီထောက်ပံ့မှု ရရှိခဲ့လေသည်။

ရန်ကင်းကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် “ရပ်ဝန်းနှင့်ပိုးလမ်းမ- ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး” မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးရေးအစီအစဉ်၏ တတိယအသုတ် ဝေဒနာရှင် ကလေးငယ်များနှင့်အတူ ကူမင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ ကလေးငယ် ၈ ယောက်နှင့် သူတို့၏ မိဘ အိမ်သားများအား တရုတ်ဘက်မှ တာဝန်ရှိသူများက လေဆိပ်၌ ပန်းစည်းများသာမက အအေးဒဏ်ခံနိုင်ရန် ခြုံဖို့ ရှောစောင်များပါ အသင့်ပြင်ဆင်၍ လာရောက်ကြိုဆိုခဲ့ကြသည်ဟု ဒေါက်တာမြင့်မြင့်ခိုင်က ပြန်ပြောပြပါသည်။ “တရုတ်ဘက်က ဆရာဝန်တွေ ဆရာမတွေ၊ တာဝန်ရှိဝန်ထမ်းတွေအားလုံး ကျွန်မတို့ကို ကိုယ့်အိမ်သားတွေပမာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်” မြန်မာကလေးငယ်များ၏ မိဘတချို့ဆိုလျှင် ကြည်နူးဝမ်းသာ မျက်ရည်များပင် ကျခဲ့ကြသေးသည်။

“တရုတ်ဆရာဝန်တွေ ကျွန်မတို့ရဲ့ ကလေးတွေကို အောင်မြင်စွာ ကုသပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါက်တာမြင့်မြင့်ခိုင်က ပြောသည်။ မြန်မာပြည်မှ ထွက်မလာခင်တုန်းက ကလေးငယ်များ၏ မိဘများမှာ စိတ်ပူပန်နေခဲ့ကြသေး၏။ သို့သော် ကူမင်းသို့ ရောက်လာပြီးနောက် တရုတ်ဆရာဝန်များ၏ ကြီးစွာသော ကြိုးစားအားထုတ်မှုကို ခံစားတွေ့မြင်လာခဲ့ကြရသဖြင့် သူတို့အား မိဘများအားလုံးက အပြည့်အဝ ယုံကြည်လာခဲ့ကြလေသည်။

“တရုတ်-မြန်မာ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များ စမ်းသပ်စစ်ဆေး ကုသရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်က နှစ်နိုင်ငံ ပြည်သူတို့အား ပိုမိုချစ်ကြည်ရင်းနှီးလာစေသလို နှစ်နိုင်ငံ ကျန်းမာရေးဝန်ထမ်းများအကြားမှာလည်း နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်လာနိုင်ခဲ့ပါတယ်” ယခုအခါ ဒေါက်တာမြင့်မြင့်ခိုင်သည် ကုသပျောက်ကင်းပြီးနောက် ပြည်တော်ပြန်လာကြသည့် ကလေးငယ်များ၏ အခြေအနေနှင့်ပတ်သက်ပြီး တရုတ်ဆရာဝန်များနှင့် အပတ်စဉ် ဆွေးနွေးဖြစ်ကာ အခြားကျန်ရှိသော ဝေဒနာရှင်ကလေးငယ်များအတွက် ကုသရေးအစီအစဉ်များကိုလည်း တိုင်ပင်ဆွေးနွေးကြလေသည်။

“အခုလက်ရှိ ရန်ကင်းကလေးဆေးရုံမှာ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ် အယောက် ၃၀၀ ကျော်လောက် ခွဲစိတ်ကုသမှု ခံယူဖို့ စောင့်စားလျက်ရှိပါတယ်” ထိုအစီအစဉ်ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကာ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို ယခုထက်မက ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးနိုင်၍ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များမှာ ကံကောင်းအကြောင်းလှသော “နှလုံးသား”မျှော်လင့်ချက်များ ရှိလာနိုင်စေဖို့ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က မျှော်လင့်လေသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006