“ကျွန်တော့်နာမည် လန်ကောပါ။ လွန်ခဲ့တဲ့(၁၀)နှစ်က ရှီချွမ်းကနေ ကွမ်ကျိုးကို အလုပ် လာလုပ်ခဲ့ ပါတယ်။ အကျွမ်းတဝင်မရှိရာကနေ သိကျွမ်းလာတဲ့အထိ ကျွန်တော်က ကွမ်ကျိုးမှာ တဖြည်းဖြည်း ကြိုးစားခဲ့ရာက ကွမ်ကျိုးမြို့သား လူသစ်တစ်ယောက် ဖြစ်လာခဲ့တယ်။ အခုဆိုရင် အိမ်ရောကားပါ ဝယ်လာနိုင်ပြီး မိသားစုကို သာယာချမ်းမြေ့တဲ့ နေထိုင်မှုဘဝကို ရောက်ရှိလာစေခဲ့ပါတယ်” ဟု အမြန် ချောပို့သမား လန်ကောက ပြောပြပါသည်။
၁၉၈၉ ခုနှစ်တွင် မွေးဖွားသည့် လန်ကောသည် ကွမ်ကျိုးဟွမ်ဖူတွင် အလုပ်တာဝန်ထမ်းဆောင်သော အမြန်ချောပို့သမားတစ်ဦး ဖြစ်ပါသည်။ ကွမ်ကျိုးသို့ရောက်ရှိနေသည်မှာ (၁၀)နှစ်ရှိပြီဖြစ်သည်။ အမြန်ချောပို့လုပ်ငန်းလုပ်ကိုင်နေသည်မှာ (၆)နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။ လန်ကောသည် နေ့စဉ် နံနက် (၆)နာရီခွဲတွင် ဂိတ်သို့ရောက်ရှိပြီး ကုန်ပစ္စည်းများကို စကင်ဖတ်ကာ ကားပေါ်တင်သည်။ (၈)နာရီတိတိတွင် ဂိတ်မှထွက်ခွာပြီး ဧည့်သည်များထံ ပစ္စည်းပေးပို့ပါသည်။ နှစ်ကူးပွဲတော် အချိန်အခါ နီးကပ်ချိန်သည်နှင့်အမျှ လန်ကောသည် တစ်ရက်လျှင် လက်ခံ၊ ပို့ဆောင်ပေးရ သည့်အရေအတွက်မှာ (၂၀၀)ခန့်ရှိလာသည်။
“ကျွန်တော် အဓိက မြို့ရဲ့ ကျေးရွာတွေကို တာဝန်ယူရပါတယ်။ ကျေးရွာတွေကို ပို့ပေးရတဲ့ ပစ္စည်း အရေအတွက်က ပိုများတယ်။ အမြန်ချောပို့လုပ်ကိုင်တာ နှစ်အတော်ကြာပါပြီ။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းတွေနဲ့ ကျွန်တော်အလွန်ရင်းနှီးပါတယ်။ ကျွန်တော်အလုပ်ကိုလည်း အားလုံးက နားလည် ပေးကြတယ်။ တစ်ခါတလေ သူတို့လက်ခံရရှိတဲ့ မွေးရပ်မြေထွက်ကုန်တွေ ဥပမာ-ငါးခြောက်၊ အသားခြောက်တွေကို ကျွန်တော်စားဖို့ လက်ဆောင်ပေးတတ်တယ်။”
အစပိုင်းတွင် အကျွမ်းတဝင်မရှိရာမှ အမြန်ချောပို့လုပ်ငန်းတွင် (၆)နှစ်ဆက်တိုက် ဇောက်ချ လုပ်ကိုင်ရာ အစပိုင်းလစာ(၆၀၀၀)ယွမ်ကျော်မှ ယခုလစဉ်ဝင်ငွေ ယွမ်တစ်သောင်းကျော်သည်အထိ ရရှိလာသည်။ ဤနှစ်ပေါင်းများစွာတွင် အမြန်ချောပို့သမားတစ်ဦးအဖြစ် လုပ်ကိုင်ရသည်မှာ ပင်ပန်း သော်လည်း လန်ကောသည် မိမိ၏ခြေနှစ်ချောင်းပေါ်ရပ်တည်ကာ မွေးရပ်မြေအိမ်မှ “ပြေး”ထွက် လာပြီး မိသားစုအတွက် ကားဝယ်ပေးနိုင်ခဲ့သည်။
ကွမ်ကျိုးမြို့သား လူသစ်တစ်ယောက်အနေဖြင့် လန်ကောသည် ဤမြို့တွင် သူ၏ ရုန်းကန်ကြိုးပမ်း ခဲ့သည့် အကြောင်းကို ရေးသားနေပြီး ဤမြို့၏ နွေးထွေးသောအစိတ်အပိုင်းတစ်ခုကို ပုံဖော်ပေးနိုင်ရန် ကြိုးစားနေသည်။
ကိုဗစ်ကာလအတွင်း ရောက်သည့်အရပ်တွင် နှစ်သစ်ကူးကြရန် တိုက်တွန်းခြင်းကြောင့် အွန်လိုင်း ဝယ်ယူမှုများ တိုးမြှင့်လာမည်ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်ကာလအတွင်း မြို့သူမြို့သားများ၏ ဝယ်ယူမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လန်ကော၏ ပို့ဆောင်ရေးအဖွဲ့မှ အမြန်ချောပို့သမားများစွာသည် ကွမ်ကျိုးတွင် ဆက်လက်နေထိုင်ပြီး အလုပ်တာဝန်များ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။