ကမ္ဘာပေါ်တွင် ထူးထူးခြားခြားလှေကို ခြေထောက်ဖြင့် လှော်ခတ်ပြီး ရေပေါ်၌ ဈေးတည်ထားသည့် မြို့ တစ်မြို့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ တည်ရှိနေသည်။ အဆိုပါအင်းလေးဒေသ၌ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများ အဓိကနေထိုင်ကြသည်။ အဆိုပါရှမ်းတိုင်းရင်းသားများသည် ၎င်းတို့ ၏ မိရိုးဖလာ ကိုးကွယ်ယုံကြည်သော ဘာသာရေးသက်ဝင်ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာလက်မှုလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို မပျောက်ပျက်သွားအောင် ယနေ့တိုင် ထိန်းသိမ်းကာ နေထိုင်နေကြသည်။
အင်းလေးဒေသမှ ကျေးရွာများ စတင်အခြေချဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို လေ့လာကြည့်ရာတွင် အင်းလေးဒေသတွင် ဟဲယားရွာမ၊ နန့်ပန်၊ ရွာကြီး(ပန်းပုံ)၊ နောင်တောစသည့် ကျေးရွာလေးရွာမှ စတင် အခြေတည်ဖြစ်ပေါ်လာသည်ဟု သမိုင်းမှတ်တမ်းများက ဆိုထားသည်။ ရှေးယခင်က အင်းလေး အမည်ကို ရေးရာတွင် မြန်မာစာလုံးပေါင်း အင်းနှင့်ဂဏန်းစာလုံး ၄ ကို ရှေ့နောက်တွဲ၍ အင်း ၄ ဟု ရေးသားအသုံးပြုခဲ့ကြသည်ကို မှတ်တမ်းများအရ သိရပြန်သည်။
အင်းလေးဒေသရှိ အင်းသူအင်းသားများ၏ ဘိုးစဉ်ဘောင်ဆက် ရိုးရာအမွေအနှစ်တစ်ခု ဖြစ်သော လှေလှော်ရာတွင် ခြေထောက်တစ်ဖက်ဖြင့် လှော်သည့်အတတ်ပညာသည် ယခုတိုင် ရှိနေပြီး ကမ္ဘာလှည့် ခရီးသည်များ အလွန်စိတ်ဝင်စားကြသည်။ ထို့အပြင် ရှေးယခင်ခေတ်များမှစတင်၍ တည်ရှိခဲ့သော ဟဲယားရွာမ ရေပေါ်ဈေးသည်လည်း အင်းသူအင်းသားများ၏ ရိုးရာအမွေအနှစ်တစ်ခုဟု ဆိုရပေမည်။ အဆိုပါ ဟဲယားရွာမ ရေပေါ်ဈေးသည် လွန်ခဲ့သည့် အနှစ်(၂ဝ) ခန့်က ကျေးရွာရှိ ကုန်းပေါ်သို့ ပြောင်းရွှေ့ သွားခဲ့ပြီး ယခုအခါ ကျေးရွာနေပြည်သူများ၏ စုပေါင်းစွမ်းဆောင်မှုဖြင့် ရေပေါ်ဈေး ပြန်လည် အသက်ဝင်လာအောင် ဆောင်ရွက်နေကြကာ ရေပေါ်ဈေးတွင် ဒေသရိုးရာအစားအသောက်များ ဒေသထွက်ကုန်များကို ရောင်းချပေးလျှက်ရှိသည်။
အင်းသူအင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကြောင်းများနည်းတူ မပြောမဖြစ်ပြောရမည့် အကြောင်း အရာများကလည်း ရှိသေးသည်။ ထိုအကြောင်းအရာသည် အင်းသူအင်းသားများ၏ နှလုံးအိမ်၌ အစဉ် ထာဝရ ကိန်းအောင်းတည်ရှိနေသည့် ၎င်းတို့ မြတ်နိုးကိုးကွယ်ကြသည့် အင်းလေးဖောင်တော်ဦး ဘုရား ကျောင်းပင်ဖြစ်သည်။ ထို့ကြောင့် အင်းသူအင်းသား အင်းလေးကန်နှင့် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော် မြတ်ငါးဆူသည် ခွဲခြား၍ မရ။ ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များသည် မိုးလေကင်းလွတ်သည့် သီတင်းကျွတ်အခါသာမယတွင် အင်းလေးဒေသ (၂၁)ဌာနသို့ ရိုးရာအစဉ်အလာမပြတ် ဒေသစာရီ လှည့်လည်ကြွချီ အပူဇော်ခံလေ့ရှိပြီး အဆိုပါဒေသစာရီ ကြွချီပွဲသို့ မြန်မာနိုင်ငံအရပ်ရပ်မှ ခရီးသွား ပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ဖူးမြော် လေ့ရှိကြသည့်အတွက် အလွန်စည်ကား လှသည့် ဘာသာရေးအခမ်းအနားတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
အင်းသားအင်းသူများသည် သဘာဝက ဆုလာဘ်အဖြစ် ဖန်တီးပေးထားသော ရှည်လားကျယ်ဝန်းသည့် အင်းလေးကန်ကြီးအား အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေ လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ရိုးရာမပြတ် လုပ်ကိုင်ကြပြီး ဗုဒ္ဓဘာသာကို ရာနှုန်းပြည့် ကိုးကွယ်ကြသည်။ အင်းသားများသည် စီးပွားရေးကို အလွန်လာဘ်မြင်တတ်ပြီး ၎င်းတို့သည် ခရီး သွားလုပ်ငန်း၊ ရွှေထည်ငွေထည်လုပ်ငန်း၊ ဇင်းမယ်နှင့် ပိုးထည်လုပ်ငန်း၊ ကြာသင်္ကန်းနှင့် ကြာပုဝါ ထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်နှင့်အညီ နည်းပညာများကို အဆင့်မြှင့်တင်ကာ အစဉ်အဆက် ရိုးရာမပြတ် လုပ်ကိုင်လာနိုင်သောကြောင့် အင်းလေးဒေသနေ တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး များ ဖွံ့ဖြိုးလာခဲ့ကြသည်။
အင်းသားတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ၎င်းတို့၏ ရိုးရာအမွေအနှစ်ဖြစ်သော ခြေထောက်ဖြင့် လှေလှော်သည့် ရိုးရာလှေပြိုင်ပွဲများကိုလည်း နှစ်စဉ် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွား တော်မြတ် လှည့်လည်အပူဇော်ခံပွဲနှင့်အတူ ကျင်းပလေ့ရှိသည်။ လှေပြိုင်ပွဲအတွက် ရှေးယခင်က လှေများပြုလုပ်ရာတွင် ကျွန်းပင်၏ပင်စည်ကို အလုံးလိုက်ထွင်းထု၍ လှေတည်ဆောက်ကြရပြီး အဆိုပါလှေဖြင့် ပြိုင်ပွဲဝင်လှော်ခတ်မည့်သူများသည်လည်း ဘုန်းတော်ကြီးကျောင်းဇရပ်များ၌ နေထိုင်ကာ ဘုရားရှိခိုးခြင်း၊ ဥပုသ်သီလတည်ဆောက်ခြင်း၊ လှေလှော်လေ့ကျင့်ခြင်းများကို ကြိုတင် ပြုလုပ်ကြရသည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။
အင်းလေးဒေသ၌ လှေအမျိုးအစားနှင့် အရွယ်အစားမျိုးစုံကို အသုံးပြုကြပြီး အတောင်(၂ဝ)၊ (၁၈) တောင်၊ (၁၆)တောင်၊ (၁၄)တောင်၊ (၁၂)တောင်နှင့် မော်တော်လှေများကို အသုံးပြုကြသည်။ ပြိုင်ပွဲ လှေအတွက် အတောင်(၄ဝ)နှင့် အတောင်(၆ဝ)ရှိလှေများကို မိုင်ပျိုး၊ သပြေပင်၊ ဆီဆုံစသည့် ကျေးရွာများမှ လှေတည်ဆောက်ရေးပညာရှင်များက တည်ဆောက်ပေးလေ့ရှိကြပြီး အချို့ကျေးရွာ များ၌လည်း လှေတည်ဆောက်ကြသည်။ လှေပြိုင်ပွဲတွင် လူဦးရေ(၁ဝဝ) ပါဝင်လှော်ခတ်သည့်ပြိုင်ပွဲ၊ (၆၄)ဦးပြိုင်ပွဲနှင့် (၄၆)ဦးပြိုင်ပွဲများကျင်ပပြီး အမျိုးသားများအပြင် အမျိုးသမီးများပါ ပါဝင်လှော်ခတ် ပြိုင်ပွဲဝင် လေ့ရှိကြသည်။
အင်းလေးဒေသ၌ ခြေထောက်ဖြင့် လှေလှော်ခတ်သည့်ဓလေ့နှင့် ပတ်သက်၍ အင်းသားကြီး တစ်ဦးဖြစ် သူ အင်းပေါခုံကျေးရွာမှ ဦးထွန်းအေးက “အင်းသားတွေဟာ ရေထဲမှာနေတော့ လမ်းမလျှောက်ကြရဘူး။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင် ခြေထောက်နဲ့လှေလှော်ကြရတယ်။ ခြေထောက်နဲ့လှော်ခတ်ရ တဲ့အတွက် တစ်ကိုယ်လုံးအညောင်းအညာပြေကြတယ်။ လှေကို ထိုင်ပြီး လှော်ရင် လှေသွားနှုန်းနှေး တယ်။ ခြေထောက်နဲ့လှော်ရင် မြန်ပြီး ခရီးပေါက်တယ်။ ယောကျ်ားလေးတွေ အသက်ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ဆိုရင် လှေလှော်တတ်နေပြီ။ အင်းသားမှတ်သမျှ ခြေထောက်နဲ့ လှော်တတ်တယ်။ ကမ္ဘာ လှည့်ခရီးသည်တွေ အင်းထဲကို လာရတဲ့အကြောင်းက အင်းသားတွေ လှေကိုခြေထောက်နဲ့ လှော်တာကို မြင်ချင်တာနဲ့ အဲ့လှေကို စီးချင်တာကြောင့် လာကြတာပါ”ဟု ပြောကြားသည်။
အင်းသားတို့၏ဘာသာရေးကိုးကွယ်ယုံကြည်မှုကိုလည်း ကြည့်ပါက အင်းသားတို့အိမ်ထောင်စု တစ်စု စတင်တည်ထောင်သည့်အချိန်မှစတင်၍ အိမ်၏ဘုရားတွင် ဆွမ်း၊ ပန်း၊ ရေချမ်း ဆက်ကပ်နိုင်ရန်အတွက် ငွေဖြင့်ပြုလုပ်သည့် ဆွမ်းအုပ်၊ ပန်းအိုး၊ ရေခွက်များကို မိမိလုပ်အားဖြင့် အရင်ဆုံးကြိုးစားရှာဖွေ စုဆောင်း၍ ဘုရားကပ်လှူပူဇော်သည့်ဓလေ့ ယနေ့တိုင် ရှိနေသည်။
အင်းလေးဒေသတွင် ကျေးရွာပေါင်းများစွာရှိသည့်အနက် ပန်းပဲလုပ်ငန်းကို ဆည်ခေါင်းကျေးရွာ၌ လည်းကောင်း၊ ပန်းထိပ်(ရွှေထည်၊ ငွေထည်)လုပ်ငန်းပန်းပုနှင့် ရက်ကန်းလုပ်ငန်းများကို ဟဲယားရွာမ၌ လည်းကောင်း၊ ပိုးချည်လုပ်ငန်းနှင့်ချည်ထည်လုပ်ငန်းများကို အင်းပေါခုံကျေးရွာများ၌လည်းကောင်း ပြုလုပ်ကြသည်။ အချို့ကျေးရွာများမှာ ကော်ဇောအထိ ရက်လုပ်နိုင်ကြသည်ကိုတွေ့ရသည်။ ထို့အပြင် အင်းလေးဒေသ၏ ထူးခြားသော လုပ်ငန်းများဖြစ်သည့် ရေပြင်အတွင်းပေါက် ရောက်နေသည့် ဒိုက်ပင်များကို စုစည်း၍ ရွံ့နှင့်နုန်းများဖြင့် ဖောင်ပြုလုပ် စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း စိတ်ဝင်စားစရာကောင်းပြီး ရေပေါ်၌ ဈေးပြုလုပ်၍ အရောင်းအဝယ်လုပ်ဆောင်နေကြသည်များ ကလည်း ခရီးသွားများကို ဆွဲဆောင်မှုရှိသည့်လုပ်ငန်းများဖြစ်သည်။
အင်းလေးကန်အတွင်းသွားရောက်လည်ပတ်ပါက နံနက်ခင်းကြည်လဲ့လဲ့ တိမ်တောင်တိမ်ရိပ်များ အောက်တွင် စက်လှေစီးရသည့် အရသာနှင့် ညနေနေဝင်ရီသရောအရသာတို့မှာ များစွာ ထူးခြင်း ကွဲပြားမှုရှိပြီး နံနက်ပိုင်း စက်လှေစီးရသည်မှာ လှိုင်းလေငြိမ်သက်၍ သက်သောင့်သက်သာ အတွေး နယ်ချဲ့ငေးမောရနိုင်သော်လည်း ညနေပိုင်းတွင်မူ တိမ်ခိုးတိမ်ငွေ့များ အုံ့ဆိုင်းညို့မှိုင်းကာ မိုးငွေ့နှင့်အတူ လေတိုက်နှုန်းကပါ ပါလာတက်သဖြင့် အရင်အစုံကို လှုပ်ခတ်စေနိုင်သည်ဟု ဆိုရပေမည်။
အင်းလေးကန်ရေပြင်တစ်လျှောက်၌ ရိုးရာငါးဖမ်းနည်းများဖြင့် ပိုက်ချငါးဖမ်းနေကြသည့် အင်းသားကြီး များကလည်း အင်းလေးဒေသ၏ နာမည်ကြီးငါးဖိန်းငါးအပါအဝင် ငါးဖယ်၊ ငါးခုံးမ၊ ငါးရံ့နှင့်ငါးကြင်း များကို ဖမ်းဆီးနေကြသည့်မြင်ကွင်းက တောင်တန်းများအကြား အုံ့ဆိုင်းညို့မှိုင်းနေသည့် ညနေ ဆည်းဆာအချိန်အခါအောက်တွင် မပီ ဝိုးတဝါးဖြင့် မြင်နေရပေတော့သည်။