ဧည့်သည်တွေ လိုက်ပို့ဖြစ်တဲ့ တောင်သမန်အင်းနဲ့ဦးပိန်တံတား

2021-03-24 18:10:19 |သတင်းအရင်းအမြစ် 云南日报

နှစ်ပေါင်း (၁၇၀)ကျော်ရှိပြီဖြစ်တဲ့ ဦးပိန်တံတားကြီးကို မန္တလေးမြို့ကိုရောက်လာတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေက တကူးတကသွားလေ့ရှိကြတယ်။ ညနေနေဝင်ချိန်ဆိုရင် လာရောက်လည်ပတ်သူတွေနဲ့ အမြဲတမ်းစည်ကားနေတတ်ပါတယ်။

ပြည်ပခရီးသွားတွေက မနက်စောစောပိုင်းနဲ့ ညနေခင်းပိုင်းတွေမှာ ငှက်လှေစီးပြီး နေဝင်ချိန်နဲ့ နေဝင်ဆည်းဆာကို ခုံမင်စွာ ခံစားပြီး တံတားကြီးကို မှတ်တမ်းတင်ကြပါတယ်။ ခရီးသွား အများစုကတော့ တံတားပေါ် လမ်းလျှောက်၊ အလှဓာတ်ပုံရိုက်ကြပါတယ်။

ဦးပိန်တံတားက ကမ္ဘာကျော် ရှုခင်းသာနေရာတစ်ခုအဖြစ် ထင်ရှားပြီး ၁.၂ ကီလိုမီတာရှည်တာကြောင့် ကမ္ဘာမှာ အရှည်ဆုံး ကျွန်းသစ်သားတံတား ဖြစ်တယ်လို့ဆိုတယ်။ တောင်သမန်အင်းပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး အမရပူရမြို့ဟောင်းနဲ့ တစ်ဖက်ကမ်းက တောင်သမန်ရွာ၊ ထန်းတောရွာ၊ အခုခေတ် ရတနာပုံတက္ကသိုလ်ကို ဖြတ်သန်း သွားလာနိုင်ပါတယ်။ ဒီတံတားကြီးက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ထဲမှာ ရှိတာဖြစ်ပြီး မန္တလေးမြို့နဲ့ ၁၀ ကီလိုမီတာခန့်သာ ဝေးတဲ့နေရာမှာရှိပါတယ်။

တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ မန္တလေးသားဖြစ်တဲ့ ကျွန်တော့်အတွက် မြို့ပြရဲ့မွန်းကျပ်မှုတွေကို ခဏတာပြေပျောက်စေတဲ့ နေရာတစ်ခုပါ။ လေညင်းခံလို့ကောင်းတဲ့နေရာတစ်ခု၊ အပန်းဖြေဖို့ကောင်းတဲ့ နေရာတစ်ခုပါ။ မြို့ပြရဲ့ အိုအေစစ်လို့လည်း ပြောနိုင်ပါတယ်။

တံတားထိပ်မှာ ရှိတဲ့ ရတနာပုံတက္ကသိုလ်မှာ ကျွန်တော် ကျောင်းတက်ဖူးပါတယ်။ အဲဒီကနေပဲ ပထမဘွဲ့ ရခဲ့တာပါ။ ကျောင်းတက်စဉ်ကာလမှာ အတန်းနားချိန်အများစုဟာ ဦးပိန်တံတားမှာ အချိန်ကုန်ခဲ့တာချည်းပါပဲ။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ ရတနာပုံတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ အတွက် ပျော်စရာတွေ၊ လွမ်းစရာတွေနဲ့ အမှတ်ရစရာတွေနဲ့ ပြည့်နှက်နေစေတဲ့ နေရာတစ်ခုပါပဲ။

ကျွန်တော်ကတော့ ဦးပိန်တံတားကို ရောက်ရင် တံတားပေါ်ကို အရင်ပြေးသွားပြီး အပူငွေ့ပါတဲ့ အညာလေကို အရင်ရှူရှိုက်လိုက်ပါတယ်။ ကြည်လင်လန်းဆန်းတဲ့ အထိအတွေ့ကို အရင်ဆုံးခံစားလိုက်ပြီးမှ ကျွန်းသစ်သားတံတားပေါ်မှာ ခြေလှမ်းစလှမ်းဖြစ်ပါတယ်။ တံတားထိပ်မှာ အမှတ်တရပစ္စည်းဆိုင်တွေက ဆီးကြိုနေပါတယ်။ တံတားအစမှာ နားနေဇရပ်တစ်ခုရှိတယ်။ ၅ မိနစ်လောက်လျှောက်လိုက်ရင် နောက်ထပ် နားနေဇရပ်တစ်ခုကို ရောက်တယ်။ အဲဒီနားနေဇရပ်မှာ ခဏနားပြီး ရှေ့ဆက်လျှောက်တယ်။ တံတားက တစ်လမ်းသွားခပ်ကျဉ်းကျဉ်းဖြစ်ပြီး ဧည့်သည်တွေများတဲ့နေ့ဆိုရင် တံတားပေါ်မှာ လူတွေပြည့်သွားတတ်တယ်။ အဲဒီလိုအချိန်မှာတော့ ဂရုတစိုက် လျှောက်ကြရတယ်။ တံတားဟိုဘက်ထိပ် ဒီဘက်ထိပ်လျှောက်ရင်တောင် မောပန်းတယ်လို့ မခံစားရပါဘူး။ ဒါပေမယ့်လည်း တံတားကို အစအဆုံးမလျှောက်ဖြစ်ဘဲ တစ်ဝက်တစ်ပျက်နဲ့သာ ပြန်လှည့်လာလေ့ ရှိပါတယ်။

တံတားက ပြန်လာရင်တော့ တံတားထိပ်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေထဲက အရိပ်ကောင်းတဲ့ဆိုင်ကို ရွေးပြီး အပန်းဖြေရင်း အချိန်ကုန်စေခဲ့ပါတယ်။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားက အထင်ကရ အကြော်စုံ တစ်ပွဲ မှာစားပါတယ်။ အကြော်စုံမှာ ဗူးသီးကြော်၊ ပြောင်းဖူးကြော်၊ မြင်းခွာရွက်ကြော်၊ မတ်ပဲကြော်၊ ဗယာကြော်၊ ငါးကြော်၊ ပုဇွန်ကြော် အစုံပါပါတယ်။ တစ်ပွဲဆိုရင် လူ ၃-၄ ယောက်လောက် စားလို့ရတယ်။ ရေနွေးကြမ်းသောက်ရင်း အကြော်စုံစားရင်း ဖြတ်သန်းရတဲ့ ညနေခင်းဟာ တကယ်ကို ဇိမ်ရှိလှပါပေတယ်။ မဲဇယ်ပင်တန်းလည်းရှိတော့ အရိပ်ကလည်း ကောင်းလှပါတယ်။

ဆောင်းအကုန် နွေအကူး နွေဦးပေါက်ရာသီမှာ ထန်းရည်လည်း ရနိုင်တယ်။ ထန်းပင်ကရတဲ့ သောက်သုံးလို့ရတဲ့ အရည်ဖြစ်ပြီး ဆေးဘက်ဝင်တယ်။ လူကိုမူးယစ်စေတယ်။ ဦးပိန်တံတားတစ်ဖက်ကမ်းမှာ ထန်းတောရွာဆိုပြီးရှိတယ်။ အဲဒီဒေသကထွက်တဲ့ သန့်ရှင်းတဲ့ သဘာဝ ထန်းရည်နဲ့ အကြော်စုံကလည်း လိုက်ဖက်တဲ့စားသောက်စရာတွေဖြစ်ပါတယ်။ လယ်ထဲကရတဲ့ လယ်ကြွက်ကြော်နဲ့လည်း တွဲဖက်ပြီးစားသောက်ကြပါသေးတယ်။ ထန်းရည်မှာ အချိုနဲ့ အခါးရှိပြီး အချိုကတော့ သကြားလို ချိုနေပြီး လတ်ဆတ်တဲ့အချိုရည်က ဝမ်းပျော့စေပါတယ်။ အခါးကတော့ အရက်လို့ပဲ မူးယစ်စေပါတယ်။

 

တောင်သမန်အင်းကို ဆောင်းဆိုငှက်တွေ လာလေ့ရှိပါတယ်။ မြန်မာနိုင်ငံကို ဆောင်းခိုငှက်တွေက အောက်တိုဘာလလယ်ခန့်ကနေ မတ်လကုန်အထိ ဝင်ရောက်နေထိုင်ကျက်စားလေ့ရှိပြီး မန္တလေးဝန်းကျင်က အရေးကြီးရေတိမ်ရေဝပ်ဒေသများအဖြစ် သတ်မှတ်ထားတဲ့ တောင်သမန်အင်း၊ ပလိပ်အင်း၊ ပြူကန်အင်း၊ စွန်ရဲအင်းနှင့် ဘနောအင်းတွေမှာ နှစ်စဉ် ဆောင်းခိုငှက်တွေ ထောင်နှင့်ချီ လာရောက်ကျက်စားတယ်လို့ မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေး WCS နှင့် ငှက်စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း မှတ်တမ်းများမှာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း တောင်သမန်အင်းရဲ့ ပျက်စီးစပြုနေတဲ့အပြောင်းအလဲတွေကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဝင်ရောက်တဲ့ ဆောင်းခိုငှက်ကောင်ရေ တစ်စတစ်စ လျော့နည်းလာတယ်လို့ ငှက်လေ့လာစောင့်ကြည့်သူများကပြောပါတယ်။

ဦးပိန်တံတား လို့ခေါ်တဲ့ တောင်သမန်တံတားကို ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် (ခရစ်နှစ် ၁၈၄၉ ခုနှစ်)မှာ အမရပူရမြို့ ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင်ပြီး ဆောက်လုပ်ခဲ့သည်။ အင်းဝမြို့ နန်းတော်ဟောင်းက ကျွန်းတိုင်၊ ကျွန်းသားတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လူတစ်ဖက်မကတဲ့ ကျွန်းတိုင် ၁၀၈၆ လုံး၊ အခန်းပေါင်း ၄၈၂ ခန်း၊ နားနေဇရပ် ၄ ဆောင် ပါဝင်တယ်။

တောင်သမန်အင်းရှုမျှော်ခင်းဟာ ရာသီအလိုက် ပြောင်လဲနေတာဖြစ်လေတော့ “သုံးပန်လှ”၊ “သုံးရာသီအလှ”ဆိုပြီး တောင်သမန်ချစ်သူတွေက နာမည်ပေးကင်ပွန်းတပ်ကြပါတယ်။ ဘာလို့လဲဆိုတော့ နွေရာသီမှာ စပါးစိုက်ခင်းတွေကို တွေ့နိုင်ပြီး မိုးရာသီမှာမြစ်ရေဝင်တာကြောင့် အင်းတစ်ခုလုံး ရေပြည့်နေတဲ့ မြင်ကွင်းကို ရှုစားနိုင်ပါတယ်။ ဆောင်းရာသီမှာ စိမ်းစိုနေတဲ့ စိုက်ပျိုးခင်းကလည်း ဦးပိန်တံတားကို အလှတိုးနေစေပါတော့တယ်။

ဒီလိုသုံးပန်လှ သုံးရာသီအလှတွေနဲ့ပြည့်စုံနေတဲ့ ဦးပိန်တံတားကို ဧည့်သည်တွေရောက်လာတဲ့အခါတိုင်းမှာ လိုက်ပို့ဖြစ်ပါတယ်။ (ဆောင်းပါးရှင်၊ ချစ်ကို)