
2021-04-07 19:47:02 |သတင်းအရင်းအမြစ် 云南日报

မြန်မာတို့ရဲ့ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ရောက်ရှိဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။ သင်္ကြန် အကြိုမိုးပြေးလေးများ ပက်ဖြန်းလိုက်လို့ ပန်းပိတောက်တို့လည်း ပွင့်နေကြပါပြီ။ သင်္ကြန်ကာလ နှစ်သစ်ကူးတဲ့ပွဲမို့ ကလေး၊ လူကြီးအားလုံးက မျှော်လင့်ကြတယ်။

 

သင်္ကြန်နှစ်ဦး တူးပို့ တူးပို့
တူးသံမြူးသာယာ
သင်္ကြန်မယ်များ တူးပို့ တူးပို့
တူးမာရဲ့နော်ဗျာ
ငွေငန်းသံစုံ တူးပို့ တူးပို့
အာရုံဖျော်ဖြေတာ
မယ်တို့ကိုလည်း တူးပို့တူးပို့
မာပါစေခင်ဗျာ။
ပိတောက်တွေဝင်းလျှံ ရွှေရည်လူး
တူးပို့ တူးလဲ့ဝါ
ညင်းလေးဖြူးဖြူး ဆော်ကာမြူး
တူးပို့တူးညင်သာ
သင်္ကြန်ရေ အေးတာ အေးတာ
သင်္ကြန်ရေ အေးတာ အေးတာ
ရွှဲရွှဲလောင်းပါ တူးပို့ တူးပို့
တူးသံမြူးသည် ချစ်ကြည် သင်္ကြန်ခါ ….

ဒီသီချင်းဟာ မြန်မာ့ဂီတလောကမှာ ထင်ရှားခဲ့တဲ့ အလင်္ကာကျော်စွာဘွဲ့ရ တေးရေးဆရာ၊ ဂီတပညာရှင် မြို့မငြိမ်းရေးသားခဲ့တဲ့ “တူးပို့တူးပို့” သင်္ကြန်သီချင်းဖြစ်ပါတယ်။ မြို့မငြိမ်းဟာ မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံးတူရိယာအသင်းတစ်ခုဖြစ်တဲ့မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သင်္ကြန်ရောက်လာတော့မှာမို့ “တူးပို့တူးပို့” နဲ့ “မန်းတောင်ရိပ်ခို” ဆိုတဲ့ သင်္ကြန်သီချင်းသံတွေကို နေရာအနှံ့မှာ ကြားလာရပါပြီ။ ခေတ်စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း၊ ခေတ်သီချင်းတွေ ဘယ်လောက် ပဲ ပေါ်ထွက်လာပါစေ ခေတ်အဆက်ဆက်လူတွေဟာ ဒီသီချင်းတွေကိုပဲ ပုံစံတွေ အမျိုးမျိုးပြောင်းပြီး သီဆိုခဲ့ကြတာ ဒီနေ့ခေတ်ထိတိုင်အောင်ပါပဲ။ သင်္ကြန်ဟာ “တူးပို့တူးပို့” နဲ့စပြီး “တူးပို့တူးပို့” နဲ့သာ အဆုံးသတ်ကြတာချည်း ပါပဲ။

အတာသင်္ကြန်မှာ ရေကစားကြတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ဆေးကြောသန့်စင်ပြီး နှစ်သစ်ကူးတယ်လို့ ယူဆကြတယ်။ မြန်မာလူမျိုးတို့ရဲ့ကျင်းပမြဲဖြစ်တဲ့ ၁၂ ရာသီပွဲတော်များမှာ အတာ သင်္ကြန် ရေသဘင်ပွဲတော်ဟာ အလွန်ကြီးကျယ်စည်ကားတဲ့အမျိုးသားပွဲတော်တစ်ခုဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ ရေကစားသလိုမဏ္ဍပ်တွေမှာ သင်္ကြန်သီချင်း၊ သင်္ကြန်ယိမ်းတွေနဲ့ လှပျိုဖြူများ စည်းဝါးညီကာလှပစွာကပြဖျော်ဖြေကြတယ်။ မုန့်လုံးရေပေါ်စတုဒီသာကျွေးကြတာကလည်း သင်္ကြန် ကာလရဲ့အမှတ်အသားတစ်ခုပါပဲ။ တောရောမြို့ ပါမကျန်အုန်းအုန်းကျွတ်ကျွတ်ပျော်ရွှင်ကြတဲ့ ပွဲတစ်ခု ဖြစ်ပြီး အိုးမည်းသုတ်တဲ့ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုလည်း တွေ့ရပါတယ်။ တစ်ချို့တွေက လည်း သင်္ကြန်ကာလအတွင်းမှာ ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာပွားကြပါတယ်။ တစ်ချို့ ကလည်း သင်္ကန်းစီးလို့သာသနာ့ဘောင်မှာ ခေတ္တပျော်မွေ့ကုသိုလ်ယူကြပါတယ်။ သင်္ကြန်ကာလဟာ အရမ်းကို ကြည်နူးစရာကောင်းလှပါတယ်။

မြန်မာနိုင်ငံက သင်္ကြန်ဟာ ကမ္ဘာမှာ ထင်ရှားတယ်။ သင်္ကြန်ကာလကို ဖြတ်သန်းဖို့ နိုင်ငံတကာက ခရီးသွား ဧည့်သည်တွေ တကူးတကလာလေ့ရှိကြပါတယ်။ အထူးသဖြင့် စာရေးသူတို့ မန္တလေး သင်္ကြန်က မြန်မာမှာသာမက ကမ္ဘာကပါအရောက်လာချင်ကြတဲ့ ယဉ်ကျေးမှုတွေနဲ့ပြည်နေတဲ့အလွန် စည်ကားတဲ့ သင်္ကြန်ဖြစ်တယ်ဆိုတာကိုတော့ ပြောစမှတ်ပြုလေ့ရှိတယ်။ သင်္ကြန်ပွဲကိုမြန်မာမှာ သာမက မြန်မာတို့နဲ့ ယဉ်ကျေးမှု ခြင်းနီးစပ်တဲ့ ထိုင်းမှာဆောင်ခရန် (Songkran)၊ လာအိုမှာ ပီမိုင်(Pimai)၊ ကမ္ဘောဒီးယားမှာ (Chaul Chnam Thmey) စသဖြင့်ကျင်းပကြပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာလည်း သင်္ကြန် ရေကစားကြတာကို တွေ့ရပါတယ်။ စာရေးသူအနေနဲ့ တခြားနိုင်ငံကသင်္ကြန်ရေကစားတဲ့မြင်ကွင်းကို ဓာတ်ပုံတွေက တဆင့်ပဲတွေ့ဖူးပေမယ့် သူတို့နိုင်ငံတွေရဲ့ သင်္ကြန်ရေကစားရာမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ အတွက် အမြဲပဲမျှော်လင့်နေခဲ့ပါတယ်။