အဖိုးမြောက်ယန်ရှန်းသည် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် နန်ချမ်းမြို့ရှီပုမူလတန်းကျောင်းတွင် နေထိုင်ပြီး အသက် ၈၀ ကျော်ပြီဖြစ်သည်။ သူနေထိုင်သောနေရာတွင် ကလေးများစွာသည် မိဘများ ပြင်ပနေရာသို့ အလုပ်သွားလုပ်သောကြောင့် အဖိုးအဖွားမှအပ ကာကွယ်စောင့်ရှောက်ပေးသူမရှိပါ။
“မိဘက ပြင်ပကို အလုပ်သွားလုပ်ရတော့ ကလေးတွေက ကျောင်းဆင်းပြီဆိုရင် သွားစရာနေရာမရှိဘူး။ ဒါကြောင့်မို့ သူတို့က လမ်းဘေးမှာ စိတ်ကြိုက်ဆော့ကြတယ်။ လမ်းပေါ်မှာ ကားများတယ်၊ သူတို့ အတွက် အသွားအလာ အန္တရာယ်ရှိတယ်။ တစ်ချို့ကလေးက ကျောင်းဆင်းပြီဆိုရင် အင်တာနက်ဂိမ်း ဆိုင်မှာ သွားကစားကြတယ်။ အင်တာနက်ဂိမ်းထဲမှာ နစ်မွန်းနေကြတယ်။ အဲဒါတွေက ကျွန်တော့်ကို စိတ်ထိခိုက်စေပါတယ်”ဟု သူက ပြောခဲ့ပါသည်။
၂၀၀၉ ခုနှစ်ကတည်းက အဖိုးမြောက်ယန်ရှန်းသည် မိမိ၏ ဧည့်ခန်းအား သင်တန်းတစ်ခုအဖြစ် ပြန်လည် ပြုပြင်ပြောင်းလဲခဲ့ပြီး မြေဖြူခဲ၊ သင်ပုန်းနက်၊ စာအုပ်၊ စားပွဲနှင့်ထိုင်ခုံများကို ဝယ်ပြီး ကလေးတို့အတွက် အခမဲ့ စာသင်ကြားပေးခဲ့သည်။ ထို့ပြင် သူသည် စာကြည့်ခန်းတစ်ခုကိုလည်း တည်ဆောက်ခဲ့ပါသည်။ “ပထမဦးဆုံး ကျောင်းဆင်းပြီဆိုရင် ကလေးတွေကို လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးတယ်။ စာရေးတာ သင်ပေးတယ်။ ဒါပေမဲ့ အချိန်ကြာလာရင် တစ်ချို့ကလေးတွေက စိတ်မဝင်စားချင်တော့ဘူး။ ဒါကြောင့် ကျွန်တော်က တစ်ခြားစာသင်တဲ့နည်းလမ်းကို ရှာဖွေရပါတယ်”ဟု အဖိုးမြောက်ယန်ရှန်းမှ ဆိုသည်။ သူသည် TV နှင့် DVD ကို ဝယ်ပြီး ကလေးတို့အား ရုပ်ရှင်ပြသခြင်း၊ သီချင်းဆိုသင်ပေးခြင်း၊ ပုံပြင်ပြော ပြပေးခြင်းတို့မှတစ်ဆင့် ကလေးတို့ကို စောင့်ရှောက်ပေးခဲ့ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုများသည့်ကလေးများသည် သူ၏ဧည့်ခန်းကို သဘောကျလာပြီး နေ့စဥ်မွန်းလွဲ ၃ နာရီခွဲ ကျောင်းဆင်းပြီးနောက် သူ့ထံလာပြီး သင်တန်းတက်ရသည်ကို နှစ်သက်လာကြပါသည်။
ပြီးခဲ့သည့် ၁၂ နှစ်တာကာလတွင် အဖိုးမြောက်ယန်ရှန်း၏ စာသင်ခန်းတွင် ကျောင်းသူကျောင်းသား ၁၀၀၀ ကျော်ကို လက်ခံသင်ကြားပေးခဲ့ပါသည်။ “အခု ကျွန်တော် အသက် ၈၀ ကျော်ပြီ။ ဒါပေမဲ့ ကိုယ်တိုင် လှည့်လည်သွားနိုင်ရင် ဒီစာသင်ခန်းကို ဆက်ဖွင့်မယ်လေ။ ကျွန်တော်တို့ရဲ့ကလေးတွေက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပြီး နိုင်ငံနဲ့လူနေမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်နိုင်သူ ဖြစ်ဖို့လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု မြောက်ယန်ရှန်းမှ ဆိုသည်။