ရန်ရှန်တုန်းသည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ကျန်တုန်းတောရွာမှထွက်ပြီး ပြင်ပသို့ ကျောင်းသွားတက်ခဲ့သည့် ကျောင်းသားဖြစ်ပါသည်။ “ငယ်ငယ်တုန်းက ကျွန်တော်နေမကောင်းတော့ ဖေဖေမေမေက ကျွန်တော့်ကို ကျောပိုးပြီး ဆေးကုဌာနကိုရောက်ဖို့ လေးနာရီကြာ လမ်းလျှောက်သွားခဲ့ရပါတယ်”ဟု ရန်ရှန်တုန်းက ပြောပြပါသည်။ မိဘ၏ပခုံးပေါ် မှောက်၍နေခဲ့သော သူသည် ဆရာဝန်ဖြစ်ချင်သည့် အိပ်မက်မျိုးစေ့ကို စိုက်ပျိုးခဲ့ပါသည်။ “အနာဂတ်မှာ ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။ အဲဒီအချိန်ကျရင် ရွာသူရွာသားတွေက ဆရာဝန်သွားပြဖို့ ဒီလောက်ဝေးဝေးလံလံသွားဖို့ မလိုတော့ဘူး။ ”
၂၀၁၀ ပြည့်နှစ်တွင် ရန်ရှန်တုန်းသည် လက်တွေ့အသုံးချဆေးကုသပညာရပ်မှ ဘွဲ့ရပြီးနောက် သူက မိမိအိပ်မက်နှင့်အတူ ရင်ကျန်းခရိုင်သို့ စိတ်အားထက်သန်စွာ သွားရောက်ကာ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပါသည်။ ၂၀၁၂ ခုနှစ် မှ ၂၀၁၈ ခုနှစ် မန်စီမြို့ ရှီစန်ကျေးရွာနှင့် စန်ထိုက်ကျေးရွာတွင် ရှေ့ဆင့်နောက်ဆင့် ပြောင်းရွှေ့လုပ်ကိုင်လာပါသည်။ ထို့အတူ သူ၏ တရုတ်တိုင်းရင်းဆေး ဆေးကုသဌာနသည် ရွာသူရွာသားတို့၏ ချီးကျူးမှုများ လျင်မြန်စွာ ရရှိခဲ့ပါသည်။
ယခုနှစ်တွင် အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ရန်ရှန်တုန်းသည် ကျေးလက်ဆရာဝန်အဖြစ် ၁၁ နှစ်မြောက် ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၎င်းကျေးရွာအုပ်စု၏ ကျေးရွာအဖွဲ့ ၃၆ ဖွဲ့ကို လစဥ်လတိုင်း အကြိမ်ကြိမ် သွားရောက်ရလေ့ရှိပါသည်။ “နာတာရှည်ရောဂါအတွက် သုံးလတစ်ခေါက် သွားပြီးစစ်ဆေးတယ်။ ပြင်းထန်ရောဂါ ဆိုရင် တစ်လတစ်ကြိမ် အချိန်မီ သွားရောက်စစ်ဆေးပါတယ်။ ရွာသူရွာသားတွေရဲ့ လိုအပ်ချက်နဲ့အညီ ပုံမှန်အားဖြင့်လည်း သွားရောက် စစ်ဆေးလေ့ရှိပါတယ်”ဟု သူက ပြောပြပါသည်။ ၁၁ နှစ်တာကာလအတွင်း ရန်ရှန်တုန်းသည် ကီလိုမီတာ ၆၀၀၀ ကျော် လျှောက်လှမ်းခဲ့သည့်အတွက် အကွေ့အကောက်များသော၊ မတ်စောက်သော တောင်ပေါ်လမ်းတိုင်းနှင့် ရင်းနှီးသည်။ မည်သည့်လူနာက ဆေး ကုန်ခါနီးပြီ၊ မည်သူက ဆေးရုံကို ပြန်သွားစစ်ဆေးရမည်၊ မည်သူ၏ သွေးထဲ၌ သကြားဓာတ်မြင့်မားနေသည် စသည်တို့ကို သူက အားလုံးကို ဂရုတစိုက်ဖြင့် မှတ်မိနေပါသည်။