Sinovac ကာကွယ်ဆေးနှင့်ပတ်သက်ပြီး အခြေအမြစ်မရှိဝေဖန်မှုမပြုရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် သတိပေးခဲ့

2021-09-10 15:46:20 |သတင်းအရင်းအမြစ် CRI

Sinovac ကာကွယ်ဆေးနှင့်ပတ်သက်ပြီး သတင်းအချက်အလက်အမှားများသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနေ့စဉ်သတင်းစာတစ်စောင်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ ပြောကြားချက်ကို ကိုးကား၍ စက်တင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။ Sinovac ကာကွယ်ဆေး၏ အရည်အသွေးနှင့် ပတ်သက်၍ သတင်းအမှားကို အတိုက်အခံများက နိုင်ငံရေးရည်ရွယ်ချက်များဖြင့် အသုံးချကာ အချက်အလက်များကို ပုံဖျက်နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ ပြောကြားချက် ကို ကိုးကား၍ တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Shijie Ribao က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“Sinovac ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေမှာ အချက်အလက်တွေကို လွဲမှားရုံတင် မကဘူး။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ Sinovac ကာကွယ်ဆေးအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၃၉ နိုင်ငံက အရေးပေါ်သုံးစွဲခွင့်ပြုထားကြောင်း၊ တရုတ်နိုင်ငံသည် ကာကွယ်ဆေး အလျင်အမြန် ထုတ်လုပ်နိုင်စွမ်း ရှိပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံများစွာအား ကာကွယ်ဆေး ထောက်ပံ့ပေးခြင်းဖြင့် ကပ်ရောဂါ အစောပိုင်းအဆင့်ကို ကျော်လွှားနိုင်ရေး ကူညီခဲ့ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်း လူသန်းရာချီပြီး ကာကွယ်ဆေးထိုးနှံထားသည်နှင့်အတူ Sinovac ကာကွယ်ဆေးသည် COVID-19 ရောဂါကူးစက်မှုများ ကာကွယ်ရာတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် သို့မဟုတ် လုံးဝမရှိဘဲ အစွမ်းထိရောက်မှုအား သက်သေပြခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

COVID-19 ရောဂါကာကွယ်ဆေးများစွာသည် စမ်းသပ်ဆဲအဆင့်နှင့် အရေးပေါ်သုံးစွဲရန်အတွက်သာ ရှိနေသေးသောကြောင့် ထိုင်းနိုင်ငံအစိုးရအနေဖြင့် ကာကွယ်ဆေးရွေးချယ်ရာတွင် ဘေးကင်းလုံခြုံမှု အမြင့်ဆုံးကို အဓိကထည့်သွင်းရွေးချယ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ထောက်ပြပြောကြားခဲ့သည်။