ကျွန်မရဲ့ တရုတ်နာမည်က ရန်ရွှင်ရှင် ပါ၊ မြန်မာနာမည်က မအေးရွှေပါ။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့က လာတဲ့ သာမန် မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ကျွန်မက တရုတ်စာကို နှစ်သက်ပါတယ်၊ ထူးချွန်တဲ့ တရုတ်စာဆရာမတစ်ဦးဖြစ်ဖို့က ကျွန်မရဲ့ အကြီးမားဆုံး အိပ်မက်ပါပဲ။
ငယ်ငယ်ကတည်းက ကျွန်မ တရုတ်ဝတ္ထုတွေကို ဖတ်ရတာ နှစ်သက်ပါတယ်။ အသက် ၁၇ နှစ်မှာ ကျွန်မက ကျောင်းစာဖတ်ခန်းထဲမှာ တရုတ်နာမည်ကြီးစာအုပ် "ခန်းဆောင်နီအိပ်မက်" ကို ဖတ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ၂၀၁၉ ခုနှစ်အထိ ကျွန်မက ယူနန် နော်မယ်တက္ကသိုလ်မှာ ဘွဲ့ဒီဂရီ နဲ့ မဟာဘွဲ့သင်တန်းကို တက်ရောက်ခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ ကျွန်မက ရှန်ဟိုင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပါရဂူကျောင်းသူတစ်ဦး ဖြစ်လာပြီး တရုတ်ဘာသာ နိုင်ငံတကာပညာရေးကို အဓိကဘာသာရပ်အဖြစ် သင်ကြားနေပါတယ်။
တရုတ်ပြည်မှာ ပညာသင်ကြားနေတဲ့ နှစ်တစ်နှစ်ကို ကျွန်မ အခုထိ သတိရနေပါသေးတယ်။ အဲဒီနှစ်က ကျူရှင်အေဂျင်စီတစ်ခုက မူလတန်းကျောင်း တရုတ်ဘာသာစကား ကျူရှင်ဆရာတွေကို ခေါ်ယူတာကို မှတ်မိတယ်။ ကျွန်မက ကိုယ့်ကိုကိုယ်စမ်းသပ်တဲ့ သဘောနဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို တင်ပြခဲ့ပြီး အင်တာဗျူးမှာ ပါဝင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အင်တာဗျူး အောင်မြင်တဲ့ အကြောင်းကြားစာ ရတဲ့အချိန်မှာ ကျွန်မက အရမ်းစိတ်လှုပ်ရှားမိတယ်။
၂၀၁၉ ခုနှစ်မှာ ကျွန်မ မဟာဘွဲ့ရပြီးနောက် တရုတ်နိုင်ငံတော် တရုတ်ဘာသာစကား နိုင်ငံတကာမြှင့်တင်ရေးဦးစီးအဖွဲ့ရုံးမှ နိုင်ငံတကာ တရုတ်ဘာသာ ဆရာ အရည်အချင်းစစ် လက်မှတ်ကို အောင်မြင်စွာ ရရှိခဲ့တယ်။ ပြီးနောက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဖူရှင်း ကွန်ဖြူးရှပ်စာသင်ခန်းကို ပြန်သွားပြီး မိမိရဲ့ဘဝမှာ ပထမဆုံး တရားဝင်အလုပ်ကို စလုပ်ခဲ့ပါတယ်။ အတန်းထဲမှာ ကျောင်းသားအများစုက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသဖြစ်တဲ့ မန္တလေး၊ ရန်ကုန်က လာတာကြောင့် အတန်းချိန်အတွင်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတချို့ မကြာခဏ ဖြစ်ပေါ်တတ်တယ်။
တစ်ခါက ကျွန်မက ကျောင်းသားတွေကို တရုတ်စကားပြော နားထောင်စွမ်းရည် သင်တန်းပေးနေပြီး "ဒီနေ့ ကောင်းကင်မှာ နေရှိတယ်" ဆိုတဲ့ ဝါကျကို ကွန်ပျူတာနဲ့ ဖွင့်ပြီး ကျောင်းသားတွေက အဲဒီဝါကျကို အခြေခံပြီးတော့ ဝါကျရဲ့ အဓိပ္ပာယ်ကို ရွေးချယ်ဖို့ ပေးခဲ့တယ်။ (က) ဒီနေ့ ရာသီဥတု ကောင်းတယ်၊ (ခ) ဒီနေ့ ရာသီဥတု မကောင်းဘူး။ ဒီမေးခွန်းက ကလေးတွေအတွက် အခက်အခဲ မဖြစ်နိုင်ဘူးလို့ ကျွန်မထင်ခဲ့ပေမယ့် ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ကျောင်းသားအများစုက (ခ)ကို ရွေးချယ်ခဲ့ကြတယ်။ ဒါနဲ့ ကျွန်မက ကလေးတွေကို သံသယရှိလို့ မေးလိုက်တော့ “ရာသီဥတု အရမ်းပူနေလို့လေ”ဆိုပြီး ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ဖြေခဲ့ကြတယ်။ အဲဒီတော့မှ ကျွန်မ ရုတ်တရက် သဘောပေါက်တော့တယ်။ ဘာကြောင့်လဲဆိုတော့ မိမိဇာတိ မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ ရာသီဥတုက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ရာသီဥတုနဲ့ ဆင်တူနေပြီး ကောင်းကင်မှာ နေရှိတယ်ဆိုရင် ရာသီဥတု ကောင်းတယ်လို့ပဲ ထင်ထားပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းက ကလေးတွေအတွက်တော့ ကောင်းကင်မှာ နေရှိရင် ရာသီဥတု အရမ်းပူတယ်လို့ ဆိုလိုကြပြီး ရာသီဥတု ဆိုးရွားတယ်ဆိုတာ ဟုတ်နေပြန်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ကလေးတွေကို တရုတ်နိုင်ငံရဲ့ရာသီဥတု၊ တရုတ်-မြန်မာ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေရဲ့ ကွဲပြားမှုစတာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ကျွန်မက တရုတ်မှာ Ph.D ဝင်ခွင့်ရခဲ့ပြီး တရုတ်စာဆရာမအလုပ်ကို နားလိုက်ရတယ်။ ဒါပေမယ့် ကျွန်မက တရုတ်စာဆရာမလုပ်ခဲ့တဲ့ (၂)နှစ်လောက်ကို လွမ်းဆွတ်နေဆဲပါ။ မြန်မာကျောင်းသားတွေအတွက် ပထမဆုံး တရုတ်စာသင်ချိန်မှာ ကျွန်မက သင်ခန်းစာအသစ်ကို မစသေးဘဲ ပထမဦးဆုံး ကျောင်းသားတွေရဲ့ ဘဝနောက်ခံနဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေကို မေးမြန်းပြီး သိရှိနားလည်ခဲ့တာကို ကျွန်မက ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးတယ်။ ထို့အတွက်ကြောင့် မိသားစုအခြေအနေ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေနဲ့ မိမိကိုကိုယ် ယုံကြည်မှုမရှိတဲ့ ကျောင်းသားတွေကို ကျွန်မက ပိုပြီးတော့ အာရုံစိုက်ပြီး တရုတ်စာကို ဆက်လက်လေ့လာနိုင်ဖို့ သူတို့ကို အားပေးခဲ့ပါတယ်။ အသိပညာက ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်မက ယုံကြည်တယ်လေ။
အနာဂတ်မှာ တရုတ်စာကို ကြိုးကြိုးစားစား လေ့လာဖို့၊ သင်ကြားရေးနည်းလမ်းတွေကို လေ့လာပြီး မြှင့်တင်ဖို့၊ မိမိရဲ့ အရည်အချင်းတွေကို ဘက်ပေါင်းစုံ မြှင့်တင်ဖို့အတွက် ကျွန်မက ဆုံးဖြတ်ထားပြီး Ph.D ရယူပြီးရင် ပိုမိုကောင်းမွန်ပြည့်ဝတဲ့ တရုတ်စာဆရာမတစ်ဦးဖြစ်ဖို့ ကျွန်မ ကြိုးစားပါ့မယ်။ တစ်ချိန်တည်းမှာပဲ ပိုမိုများပြားတဲ့ မြန်မာ့ကျောင်းသားတွေအတွက် ကျွန်မက တတ်နိုင်တလောက် ကူညီပေးဖို့၊ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးအတွက် ပိုမိုလုပ်ဆောင်နိုင်ဖို့ ကျွန်မ မျှော်လင့်ထားပါတယ်။