“ဘတ်စကက်ဘော မိန်းကလေး”သည် မသန်စွမ်းအထူးအိုလံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့

2021-11-02 15:32:32 |သတင်းအရင်းအမြစ် 新华网

မကြာသေးမီက တရုတ်နိုင်ငံ တစ်နိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအထူးအိုလံပစ်ပြိုင်ပွဲကို ဆန်ရှီပြည်နယ်တွင် ကျင်းပခဲ့သည်။ အမျိုးသမီး မီတာ ၁၀၀ ရေကူး ဖားကူးနည်းပြိုင်ပွဲတွင် “ဘတ်စကက်ဘောမိန်းကလေး”ဖြစ်သူ ချိန်ဟုံရန်သည် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါသည်။


ချိန်ဟုံရန်သည် ယူနန်ပြည်နယ် လူလျံခရိုင်မှ သာမန်တောင်သူလယ်သမား မိသားစုတွင် ၁၉၉၆ ခုနှစ်၌ မွေးဖွားခဲ့ပြီး အသက် ၄ နှစ်တွင် ကုန်တင်ကားကြီးတစ်စီးဖြင့် တိုက်မိခဲ့ပြီးနောက် သူမ၏ ခြေထောက်နှစ်ဖက်စလုံး ဖြတ်တောက်ခံခဲ့ရသည်။ သူမကို ကျောင်းဆက်တက်နိုင်ရန် သူ့အဘိုးသည် ဘတ်စကတ်ဘောဟောင်းကို အလယ်မှ ဖြတ်ကာ အထဲတွင် ဝါဂွမ်း ဖြည့်ပြီး သူ့ခန္ဓာကိုယ်အောက်တွင် ဘတ်စကက်ဘော တစ်ဝက်ကို တပ်ဆင်ပေးခဲ့ရာမှ ချိန်ဟုံရန်ကို “ဘတ်စကက်ဘော မိန်းကလေး”ဟု ခေါ်ခဲ့ကြသည်။


အသက် ၁၁ နှစ်တွင် ချိန်ဟုံရန်သည် ယူနန်ပြည်နယ် မသန်စွမ်းရေကူးအဖွဲ့တွင် ပါဝင်ခဲ့သည်။ ခန္ဓာကိုယ်အောက်ပိုင်း မရှိသောကြောင့် ချိန်ဟုံရန်၏ ခန္ဓာကိုယ်သည် ရေထဲတွင် မျှတမှု မရှိသော ပြဿနာကို တုံ့ပြန်သည့်အနေနှင့် နည်းပြဆရာသည် သူမအတွက် လေ့ကျင့်ရေးအစီအစဉ်ကို အထူးဖန်တီးပေးခဲ့သည်။ ချိန်ဟုံရန်သည် ပရော်ဖက်ရှင်နယ် ရေကူးသင်တန်းကို နေ့စဉ် ၄ နာရီထက်မနည်း လေ့ကျင့်ရသည်။

၂၀၀၉ ခုနှစ်တွင် ချိန်ဟုံရန်သည် (၉)ကြိမ်မြောက် ယူနန်ပြည်နယ် မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၃)ဆုကို ဆွတ်ခူးရရှိခဲ့ပြီး တပြိုင်နက်တည်းတွင် မသန်စွမ်းသူ အသက် ၁၈ နှစ်အောက် အမျိုးသား ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၁)ဆုနှင့် ငွေတံဆိပ်ဆု (၂)ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် အမျိုးသားမသန်စွမ်းအားကစားပြိုင်ပွဲနှင့် (၈)ကြိမ်မြောက် အထူးအိုလံပစ်ပြိုင်ပွဲ၌ အမျိုးသမီး မီတာ ၁၀၀ ရေကူး ဖားကူးနည်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရပါသည်။