
2021-08-04 18:42:57 |သတင်းအရင်းအမြစ် 《吉祥》杂志

လုံဝေး၊ ဘေကျင်းမှာ(၈)နှစ်တာနေထိုင်ခဲ့တဲ့မြန်မာလူမျိုးတစ်ယောက်၊ အားလုံးက သူ့ကို “လုံရှောက်”လို့ခေါ်တတ်ကြတယ်။ သူက ဖော်ရွေပျူငှာပြီး ဘေကျင်းသံကို ကောင်းကောင်းပြောနိုင်ပါတယ်။ တရုတ်သူငယ်ချင်း တွေလည်းအများအပြားသိကျွမ်းခဲ့ပါတယ်။ သူက ဟာသဉာဏ်ရွှင်ပြီး ပျော်တတ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုအပေါ်မှာ နက်ရှိုင်းလှတဲ့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ “လုံရှောက်ယဉ်ကျေးမှုFUN(龙少文化FUN)နဲ့အတူ “ကျွန်တော်တို့နဲ့ ဆင်ကြီးတို့ရဲ့အကြောင်း” နားထောင်ကြည့်လိုက်ရအောင်ပါ။

အခုတစ်လော၊ ကျွန်တော်တို့နဲ့ တောတောင်ရေမြေဆက်စပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာနာမည်ကျော် အွန်လိုင်းဆယ်လီတစ်အုပ်စုထွက်ပေါ်လာပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့တွေက အွန်လိုင်းပေါ်မှာ “လူကြိုက်များတဲ့နာမည်ကြီး”တွေဖြစ်လို့နေတဲ့အပြင်၊ အွန်လိုင်းအသုံးပြုသူအများအပြားရဲ့ ဂရုပြုမှုကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီဆယ်လီအုပ်စုကြီးက အရင်တုန်းက ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားမှာ ကျက်စားနေထိုင်ကြပြီး သူတို့က ဒီနှစ် ဝက်လောက်အချိန်အတွင်းမှာ“သွားရင်းစားရင်း”မြောက်ပိုင်းကို ရွှေ့ပြောင်းလာပါတယ်။မိုးရာသီသစ်တောနဲ့ တောတောင်ရေမြေတွေကို ကျော်ဖြတ်၊ ဖူအယ်၊ ဟုန်ဟယ်၊ ယွီ့ရှီး၊ ကူမင်းစတဲ့မြို့တွေကို ဖြတ်၊ ယူနန်ပြည်နယ်ရဲ့နယ်မြေတဝက်လောက်ကို ကန့်လန့်ဖြတ်ကျော်လာခဲ့ပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ ဒီဆယ်လီတွေက အင်မတန် ရင်းနှီးပြီးသားပါပဲ။ သူတို့ကတော့ တောရိုင်းအာရှဆင်တွေဖြစ်ပါတယ်။ “ဒီနေ့ ယူနန်ဆင်ကြီးတွေ ဘယ်ကို ရောက်နေပြီလဲ။”တရုတ်မိတ်ဆွေတွေလိုပဲ၊ ဒါကလည်း ကျွန်တော့်ရဲ့ နေ့တိုင်းမနက် အိပ်ယာထ ပထမဆုံးဂရုပြုမိတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။

တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံပေါင်းများစွာက မီဒီယာတွေရဲ့ သတင်းတွေကနေတဆင့် ဒီဆင်အုပ်ကြီးထဲက ဆင်ငယ်လေးတစ်ကောင်က နှာမောင်းဒဏ်ရာရဖူးတယ်ဆိုတာကို သိခဲ့ရပါတယ်။ အဲဒါကြောင့် သူတို့ကို “နှာမောင်းတိုမိသားစု”လို့ ခေါ်ကြပါတယ်။ ဒီ“အဆော့မက်ဆင်အုပ်ကြီး”နဲ့အတူ အဝေးတနေရာ မြန်မာနိုင်ငံကနေ ကျွန်တော်လည်း သွားလိုက်ကြစို့ ဆိုတဲ့“စိတ်ကူး”ရောင်စုံယူနန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ “တောရိုင်းတိရစ္ဆာန် ပေါများတဲ့နိုင်ငံ”၊ “သစ်ပင်ပန်းမန်ပေါများတဲ့နိုင်ငံ”၊ “ကမ္ဘာ့ပန်းဥယျာဉ်ကြီး”စတဲ့မျိုးစုံလှတဲ့ တင်စားမှုတွေကို ပိုင်ဆိုင်ထားတဲ့ ယူနန်ပြည်နယ်က ကျွန်တော့်အတွက်တော့ ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီနှစ်(၁၀)လပိုင်းမှာ ဒီနေရာမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ “ဇီဝမျိုးစုံမျိုးကွဲပဋိညာဉ်စာချုပ်” ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသော နိုင်ငံများအစည်းအဝေး(COP15)”ကို ကျင်းပသွားမှာဖြစ်ပြီးတော့ ဆင်ခရီးသွားအုပ်ကြီးက ကျွန်တော့်ကို ယူနန်ရဲ့ ဇီဝမျိုးစုံကို ကြိုတင်နားလည်အောင် လိုက်ပြနေသလိုပါပဲ။

ဒီတစ်ခေါက် “စိတ်ကူး”ခရီးစဉ်မှာ မိတ်ဆွေတို့ကို ကျွန်တော် မျှဝေပေးချင်တာကတော့ မြန်မာ-တရုတ်နှစ်နိုင်ငံရဲ့ တောရိုင်းအာရှဆင်ကြီးတွေ ထိန်းသိမ်းကာကွယ်တဲ့အကြောင်းပါပဲ။ တရုတ်နိုင်ငံနဲ့ပတ်သက်တာကတော့ “ဆင်စားသောက်ဆောင်”ဆိုတဲ့ အကြောင်းပါပဲ။ ယူနန်ပြည်နယ် ဖူအယ်မြို့ စစ်မောင်ဒေသ လျို့ရွှင့်မြို့နယ် နန်ပန်းဟယ်ရွာမှာ တရုတ်ဧက(၄၀၀၀)ကျော် ဧရိယာရှိတဲ့ အကြီးစားထမင်းစားဆောင် ဆောက်လုပ်ထားပြီး ငှက်ပျောသီး၊ ပြောင်းဖူး၊ စွံပလွံရွက်စတဲ့ အစားအသောက်တွေကို တည်ခင်းထားပါတယ်။ ဒီနေရာမှာကတော့ တကယ့်“စားသောက်ဖော်”ဖြစ်တဲ့ အာရှဆင်ကြီးတွေရှိနေပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တာကတော့ “ဆင်ဘူဖေး”ဆိုတဲ့ အကြောင်းပါပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ ဆင်စခန်း(၂၂)ခုရှိပါတယ်။ နှစ်စဉ်နှစ်တိုင်းဆင်စခန်းကို ဆင်လာကြည့်သူတွေ သူတို့အတွက် အစာကျွေးဖို့ အလှူငွေထည့်ဝင်သူတွေ အများပြားရှိပါတယ်။ ဆင်ကြီးတွေကအစားကြီးတဲ့အတွက် အစိုးရကလည်း အများပြည်သူတွေ ဒီလို အလှူငွေထည့်ဝင်တဲ့လှုပ်ရှားမှုတွေမှာပါ ပေးဖို့ နှိုးဆော်ကြပါတယ်။ အချိန်တစ်ခု သတ်မှတ်ပြီး ဆင်ကြီးတွေအတွက် “ဘူဖေး”ကို ဆောင်ရွက်ပေးပါတယ်။ “ဘူဖေး”ချိန်ရောက်ပြီဆိုရင် ဆင်ဆရာတွေက အစားအစာတွေကို စားပွဲရှည်ကြီးပေါ်မှာ ချထားပြီး ဆင်ကြီးတွေကို စိတ်ကြိုက်စားသုံးစေပါတယ်။ ဒီလိုမျိုး “ဆင်ဘူဖေး”တစ်ခါကျွေးရင် မြန်မာငွေ(၁)သိန်း(တရုတ်ငွေနဲ့ဆိုရင်ယွမ် ၄၀၀ ) လောက်ကုန်ပါဝယ်။ အရင်တုန်းက ခရီးသွားတွေလာကြတော့၊ ဆင်ကြီးတွေအတွက် ရိက္ခာဖိုးစိတ်ပူစရာ မလိုပါဘူး။ ဒါပေမယ့်၊ ဒီနှစ်ပိုင်းတွေမှာ၊ Covid-19 ကူးစက်ရောဂါအခြေအနေကြောင့် ဆင်စခန်းကို လာတဲ့ခရီးသွားတွေ နည်းသထက်နည်းလာပါတယ်။ ဆင်ကြီးတွေ“ဆင်ဘူဖေး”ပုံမှန်စားနိုင်ဖို့အတွက် စေတနာရှင်ပြည်သူတွေက အွန်လိုင်းပေါ်မှာ မိမိတို့ကိုယ်တိုင် အလှူငွေကောက်ခံမှုတွေ ဆောင်ရွက်ခဲ့ပြီး ပါဝင်သူတွေလည်း အများအပြားရှိကြပါတယ်။

“ဆင်စားသောက်ဆောင်”ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် “ဆင်ဘူဖေး”ပဲဖြစ်ဖြစ်၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ပြည်သူတွေအနေနဲ့ ဆင်ကြီးတွေအပေါ် မှန်ကန်တဲ့ ဂရုပြုမှုနဲ့ကာကွယ်စောင့်ရှောက်မှုတွေကနေ လူသားနဲ့ ဆင်ကြီးတွေရဲ့ အေးချမ်းစွာ အတူနေထိုင်မှုကို အသက်ဝင်စွာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လူကြီးမင်းတို့ရဲ့နိုင်ငံမှာ ချစ်စရာလည်းကောင်း အလုပ်လည်းကြိုးစားကြတဲ့ ဆင်ကြီးတွေ အကူအညီ လိုအပ်လာတဲ့အချိန် လူကြီးမင်းတို့အနေနဲ့ သူတို့အတွက် ဘာတွေလုပ်ပေးမလဲ။ ကျေးဇူးပြု၍၊ Comment မှာ စာရေးပြီး ကျွန်တော်တို့ကို ပြောပြပေးပါ။