“မြန်မာ့ကလေးငယ်ချစ်စဖွယ်” သမီးတို့အိမ်မှာ ခေါင်မိုးထပ်"နတ်သမီးပုံပြင်ကမ္ဘာလေး"တစ်ခု ရှိတယ်

2021-09-30 18:40:48 |သတင်းအရင်းအမြစ် 《吉祥》杂志

လည်လည်ဝယ်ဝယ်နှင့် သွက်လက်ချက်ချာလှသည့် ကလေးမလေး။ ငယ်စဉ်ကတည်းက ရှေးဟောင်းမြို့တော် မန္တလေးမြို့မှာ နေထိုင်သည့် ၇ နှစ်သမီးလေး အိမ့်အိမ့်အောင်သည် သူ့ဖေဖေ သတင်းထောက်နှင့်အတူ အသစ်အဆန်းတွေ လိုက်လံရှာဖွေပြီး ၎င်းတို့ကို ရုပ်ပုံ၊ စာသား၊ ဗီဒီယိုတို့ဖြင့် မိမိအနားက သူငယ်ချင်းများကို ပြန်ပြောပြတတ်လေသည်။ “မြန်မာ့ကလေးငယ်ချစ်စဖွယ်”အစီအစဥ်ကနေ အိမ့်အိမ့်အောင်က မိတ်ဆွေတို့အား သူ့အနီးအနားက တွေ့ရှိချက်များ၊ လျှို့ဝှက်ချက်များကို ပြန်လည်မျှဝေပေးသွားမည် ဖြစ်ပါသည်။

"ဖူးပွင့်ဝေဆာနေတဲ့ ခေါင်မိုးထပ် ပန်းဥယျာဉ်လေးကတော့ သမီးအတွက် ဘိုးဘိုးရယ် ဖေဖေရယ်က ဖန်တီးပေးထားတဲ့ နတ်သမီးပုံပြင်ကမ္ဘာလေးပါပဲ" နေ့စဉ် မနက်နေရောင်အောက်မှာ နေပူဆာလှုံရင်း အိမ့်အိမ့်အောင်သည် ဘိုးဘိုးနှင့်အတူ ခေါင်မိုးထပ်တွင် တက်ကြွသော ဥယျာဉ်မှူးကလေးတစ်ယောက်အဖြစ် ပျော်ရွှင်စွာ အမှုတော်ထမ်းကာ ဝေဆာနေသော အခက်အရွက်တို့ကို ကိုက်ညှိပေးခြင်း၊ အသစ်စိုက်ပျိုးထားသည့် ပန်းပင်တို့ကို ရေလောင်းပေးခြင်း၊ ယိုင်လဲကျတော့မည့် အကိုင်းတို့ကို တည့်မတ်ပေးခြင်း၊ နာမကျန်းဖြစ်နေသည့် အပင်ငယ်များကို ပိုးမွှားရှင်းလင်းပေးခြင်း ... တို့ကို ပြုလုပ်လေ့ရှိပါသည်။ ဘိုးဘိုး၏ စည်းစနစ်ကျနသော ညွှန်ကြားမှုအောက်တွင် အိမ့်အိမ့်အောင်သည် ခေါင်မိုးထပ် ပန်းဥယျာဉ်ထဲက အပင်တစ်ပင်ချင်းစီအား တဖြည်းဖြည်းနှင့် ပြုစုစောင့်ရှောက်တတ်လာခဲ့လေသည်။


"အပင်တိုင်းမှာ အသက်ရှိတယ်၊ လူတွေ ကြီးပြင်းလာတဲ့တစ်လျှောက်မှာ ဘိုးဘိုးဘွားဘွားတို့၊ ဖေဖေမေမေတို့ရဲ့ ဂရုစိုက်မြတ်နိုးမှုကို လိုအပ်သလိုပဲ သူတို့လေးတွေမှာလည်း နေရောင်ခြည်တို့ မိုးရေတို့ကို လိုအပ်ပြီး နွေးထွေးကြင်နာစွာ ဆက်ဆံခံရတာကို လိုလားကြတယ်လေ"ဟု ခေါင်မိုးထပ် ပန်းဥယျာဉ်ကို ရှင်းလင်းပြီးတိုင်း အိမ့်အိမ့်အောင်ကို ဘိုးဘိုးက ပြောပြလေ့ရှိသည်။


"အနီရောင်၊ အဝါရောင်၊ အဖြူရောင်၊ ခရမ်းရောင် ... ပန်းရောင်စုံ ဖူးပွင့်ဝေဆာနေတယ်။ သိပ်လှတာပဲ။ မြို့ပြရဲ့ အထပ်မြင့်တိုက်တွေအလယ်မှာ သမီးတို့အိမ်က ထူးခြားတဲ့ ခေါင်မိုးထပ် ပန်းဥယျာဉ်လေးတစ်ခု ပိုင်ဆိုင်ထားပါတယ်"ဟု အိမ့်အိမ့်အောင်က လက်မလေးကို ထောင်ကာထောင်ကာ ခပ်တိုးတိုး ရေတွက်ပြနေခဲ့သည်။ သူက ဖူးပွင့်နေဆဲ ပန်းကလေးတွေ အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်နေပုံ ရ၏။ ငယ်ရွယ်သည့် သူကလေး၏ အတွင်းစိတ်ထဲမှာ ချစ်စရာကောင်းသည့် စိတ်ကူးတစ်ခု ရှိနေပါသည်။ ထိုစိတ်ကူးမှာ- ခေါင်မိုးထပ် ပန်းဥယျာဉ်ထဲက သစ်ပင်ပန်းပင်တိုင်းဟာ အသက်ရှိသည့် နတ်သမီးလေးတွေ ဖြစ်သည်မို့ သူတို့လေးတွေအတွက် နတ်သမီးပုံပြင်ဆန်ဆန် အိမ်ကလေးတစ်ခု ဆောက်ပေးချင်သည့် စိတ်ကူးပင် ဖြစ်ပေသည်။

"မြန်မာပြည်နဲ့ တရုတ်ပြည်က ကလေးငယ်တွေအားလုံး သစ်ပင်ပန်းပင်တွေကို ချစ်မြတ်နိုးတတ်ပြီး သဘာဝပတ်ဝန်းကျင်ကို အတူတကွ ထိန်းသိမ်းတတ်ကြဖို့ မျှော်လင့်ပါတယ်" ၎င်းမှာ အိမ့်အိမ့်အောင်၏ ဆန္ဒငယ်လေးတစ်ခု ဖြစ်ပေသည်။