မြန်မာနိုင်ငံသား ဆရာမဒေါ်နှင်းနှင်းကြည်နှင့် COP15 ၏ ရေစက်

2021-11-04 17:58:42 |သတင်းအရင်းအမြစ် 《吉祥》杂志

"ခုလေးတင်ပဲ ပြိုင်ပွဲပြီးသွားတာ၊ ကျွန်မတပည့်တွေ ကျွန်မကို စောင့်နေကြတယ်၊ ကျွန်မဆီက သတင်းကောင်းကို မျှော်နေကြတယ်၊ ကျောင်းကို ပြန်ရောက်တဲ့အခါ ဒီမေ့မရနိုင်တဲ့ ပြိုင်ပွဲအတွေ့အကြုံကို ကျွန်မ သူတို့ကို ပြန်ပြောပြရမယ်" အောက်တိုဘာလ ၂၉ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် COP15 အပြည်ပြည်ဆိုင်ရာအွန်လိုင်းဗီဒီယိုစကားပြောပြိုင်ပွဲ တရုတ်ဘာသာစကား အရွယ်ရောက်ပြီးသူများအုပ်စု နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် တယ်ဟုန်ဆရာအတတ်သင်ကောလိပ်က မြန်မာနိုင်ငံသား ဆရာမ ဒေါ်နှင်းနှင်းကြည်က ဒုတိယဆု ဆွတ်ခူးရရှိခဲ့သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရရှိခဲ့သည့် ပြိုင်ပွဲဝင်များအလယ်တွင် မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ဒေါ်နှင်းနှင်းကြည်မှာ အထူးထင်ရှားပေါ်လွင်နေသည်။ သူ၏ မျက်နှာမှာ တစ်လျှောက်လုံး လှပစွာ ပြုံးနေပြီး၊ မျက်လုံးမှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ရှိလေသည်။


မေလမှ အောက်တိုဘာလအထိ၊ ပြိုင်ပွဲဝင် ၄၃၇ ယောက်ရှိခဲ့ရာမှ ၅၅ ယောက်ကျန်သည်အထိ၊ ပဏာမအဆင့်ပြိုင်ပွဲမှ နောက်ဆုံးအဆင့်ပြိုင်ပွဲအထိ ... ငါးလကြာမျှ ကြိုးစားလာခဲ့သည့်တစ်လျှောက်လုံး ဒေါ်နှင်းနှင်းကြည်သည် ပြိုင်ပွဲအတွင်း အကျိုးဖြစ်ထွန်းမှုများစွာ တိုးပွားကာ လှပသောအမှတ်တရများစွာ ကျန်ရှိခဲ့လေသည်။


"ဘာပဲလုပ်လုပ် ကျွန်မက အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်" ဒေါ်နှင်းနှင်းကြည်မှာ မွေးရာပါ ဗီဇကိုက အားသွန်ခွန်စိုက် ကြိုးစားချင်စိတ်ရှိသူ ဖြစ်လေသည်။ ပုံမှန် စာသင်ချိန်မှာပဲဖြစ်ဖြစ်၊ ဤတစ်ကြိမ် စကားပြောပြိုင်ပွဲမှာပဲဖြစ်ဖြစ် သူက အလေးအနက်ထားကာ လုပ်ဆောင်ခဲ့လေသည်။


အမှတ်အသားတွေ အများကြီး ပြုလုပ်ထားပြီး စာလုံးတွေ ပြွတ်သိပ်နေသည့် စာမူစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ဖြန့်ပြရင်း ဒေါ်နှင်းနှင်းကြည်က ပြိုင်ပွဲတစ်လျှောက် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံကို ပြန်ပြောပြခဲ့သည်။ တရုတ်စကားအသံထွက်မှန်ကန်စေဖို့အတွက် သူက ကျောင်းက ဖူထုန်းဟွသင်သည့် ဆရာထံ သွား၍ အကြံဉာဏ်တောင်းခံခဲ့သည်။ စကားပြောပြိုင်ပွဲဝင်ရာမှာ ပိုမိုပီပြင်စေဖို့အတွက် သူက အတွေ့အကြုံရင့်ကျက်သော ဆရာတွေထံမှာ အကြံဉာဏ်တောင်းခံ၍ ကိုယ်လက်အမူအရာ လေ့ကျင့်ခြင်းတို့ကို မပြတ်လေ့ကျင့်ခဲ့သည် ... "အကြံဉာဏ်ရယူပြီးတိုင်း ကျွန်မက အပြန်ပြန်အလှန်လှန် လေ့ကျင့်တယ်၊ ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး အဲဒီကနေ ပြင်သင့်တဲ့အချက်တွေကို ရှာတယ်" သည်လို အကြိမ်ကြိမ် လေ့ကျင့်ရင်းကတစ်ဆင့် သူ၏ တရုတ်စကားပြောကျွမ်းကျင်မှု အများကြီး တိုးတက်လာခဲ့ကြောင်း၊ အနားမှာရှိသည့် လုပ်ဖော်ကိုင်ဖက်များ၏ အားပေးမှုနှင့် နွေးထွေးမှုတို့ကို ကောင်းစွာ ခံစားသိရှိခဲ့ရကြောင်း ဒေါ်နှင်းနှင်းကြည်က ပြောပြသည်။


အားပေးထောက်ခံမှုများကြောင့် ဒေါ်နှင်းနှင်းကြည်မှာ ပြိုင်ပွဲတစ်လျှောက် မိမိကိုယ်ကိုယုံကြည်ချက် ပိုမိုခိုင်မာလာခဲ့သည်။ "ကျွန်မက မြန်မာနိုင်ငံကပါ၊ ဒီနေ့ ကျွန်မ ပြောမယ့် ခေါင်းစဉ်ကတော့ 'တို့အားလုံးရဲ့ ကမ္ဘာ့ရွာကြီးကို စောင့်ရှောက်ကာကွယ်ကြပါစို့' ဖြစ်ပါတယ်" နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဒေါ်နှင်းနှင်းကြည်က အရာအားလုံးသဟဇာတရှိသော လှပသည့်ရပ်ရွာကို အတူတကွတည်ဆောက်ရေးဟူသည့် လှပကောင်းမွန်သောမျှော်မှန်းချက်ကို လက်ဆင့်ကမ်းခဲ့သဖြင့် ပရိသတ်အပေါင်း၏ လက်ခုပ်ဩဘာသံကို အကြိမ်ကြိမ် ရရှိခဲ့လေသည်။


ယခုတစ်ခေါက် ပြိုင်ပွဲဝင်သည့် နိုင်ငံတကာမှ ပြိုင်ပွဲဝင်များမှာ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ကူဝိတ် ဟူသည့် နိုင်ငံ ၅ နိုင်ငံမှ ဖြစ်လေသည်။ ဒေါ်နှင်းနှင်းကြည်က နိုင်ငံတကာပြိုင်ပွဲဝင်အားလုံးကိုယ်စား စကားပြောခွင့် ရရှိခဲ့သေး၏။ သူက- "ဒီနေ့ ကျွန်မ ဒီနေရာကနေ သက်သေပြချင်တဲ့အချက် တစ်ချက်ပဲ ရှိပါတယ်၊ အဲဒါကတော့ ကျွန်မတို့ဟာ တရုတ်ပြည်မှာ တရုတ်ဘာသာစကားကိုသာ သင်ယူတတ်မြောက်ခဲ့ကြရုံတင်မကဘဲ များစွာသော ယဉ်ကျေးမှုတွေ၊ ကောင်းမွန်သော အတွေးအမြင်တွေကိုပါ လေ့လာသင်ယူခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်" ကျောင်းမှာ သင်ကြားပို့ချခြင်းအပြင် ဒေါ်နှင်းနှင်းကြည်သည် တယ်ဟုန်တိုင်နှင့်ဂျိန်ဖော့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စေတနာ့ဝန်ထမ်းလှုပ်ရှားမှု၊ အထူးသဖြင့် တယ်ဟုန်ဆရာအတတ်သင်ကောလိပ်၏ "ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ညစ်ညမ်းမှု" သင်ရိုးပြုစုရေးလုပ်ငန်းတို့တွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့လေသည်။ ဆိုရှယ်မီဒီယာအကောင့်ကနေလည်း သူက မြန်မာ တရုတ် နှစ်နိုင်ငံက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကြားအမြင်ဗဟုသုတများ၊ အတွေးအမြင်စိတ်ကူးများကို အမြဲတစေ မျှဝေပေးတတ်သေး၏။


ယခုနှစ်မှာ ဒေါ်နှင်းနှင်းကြည် တယ်ဟုန်သို့ ရောက်ရှိလာခဲ့သည့် ၈ နှစ်မြောက် ဖြစ်လေသည်။ "တယ်ဟုန်ဟာ ကျွန်မ သင်ယူလေ့လာရာ၊ အလုပ်လုပ်ကိုင်ရာ၊ တိုးတက်ကြီးပြင်းရာ အရပ်ဖြစ်ပါတယ်။ ဒီအရပ်ဟာ ကျွန်မရဲ့ ဒုတိယ ဇာတိရပ်ရွာ ဖြစ်လာခဲ့ပါပြီ" ဒေါ်နှင်းနှင်းကြည်သည် တယ်ဟုန်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်တွေ့ကြုံ၍ တပည့်ကျောင်းသူကျောင်းသားများအား မြန်မာဘာသာစကား ကောင်းစွာတတ်မြောက်အောင် သင်ကြားပေးကာ မြန်မာ တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လိုသော ဆန္ဒရှိလေသည်။