တရုတ်နိုင်ငံအတွင်း စိတ်ဝင်စားဖွယ် စုံစမ်းရှာဖွေ

2022-02-28 13:30:12 |သတင်းအရင်းအမြစ် 《吉祥》杂志

ကျွန်မသည် တရုတ်နိုင်ငံကို ရောက်နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သည်။ Z မျိုးဆက် မြန်မာလူငယ်တစ်ဦးအနေနှင့် ဤ ၃ နှစ်ကျော်ကာလအတွင်း ကျွန်မ၏ တရုတ်နိုင်ငံအပေါ်ထားရှိသော အတွေးအမြင်များကို ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်ဟု ကျောင်းသင်ခန်းစာတွင် သင်ခဲ့ရဖူးရုံမှတစ်ပါး ယခင်က တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဗဟုသုတ နည်းပါးလှပါသည်။ အထက်တန်းအရွယ်တွင် ကျွန်မ၏ မွေးရပ်မြေမှ တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ကာ အလုပ်လုပ်ကြသူများရှိရာ တရုတ်နိုင်ငံအကြောင်း အနည်းအကျဥ်းကြားသိခဲ့ဖူးသည်။ ဤသို့ဖြင့် ၂၀၁၈ ခုနှစ် ၁၀ လပိုင်းတွင် တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၏ ကူညီမှုဖြင့် ပညာတော်သင်အဖြစ် တရုတ်နိုင်ငံသို့ နဖူးတွေ့ဒူးတွေ့ရောက်လာချိန်တွင်မူ တရုတ်နိုင်ငံ၏ အခြေအနေအရပ်ရပ်ကို တဖြည်းဖြည်းချင်း သိခွင့်ရလာခဲ့၏။

လွန်ခဲ့သော ပညာတော်သင်ဘဝပုံရိပ်များအား ပန်းချီရေးဆွဲပြရမည်ဆိုပါက ကျွန်မ၏ ဦးနှောက်တွင် မြင်ကွင်းများစွာ ရှိနှင့်နေပြီဖြစ်ပါသည်။ ကျွန်မ အရေးဆွဲချင်ဆုံးသော ပုံသည် တရုတ်လူငယ်များနှင့်အတူ ပေါင်းသင်းဆက်ဆံရေးပုံ ဖြစ်ပါသည်။ ကျွန်မ၏ ပတ်ဝန်းကျင်တွင်ရှိသည့် တရုတ်လူငယ်သူငယ်ချင်းများသည် စိတ်အားထက်သန်မှုနှင့် ပြည့်လျှံသော စွမ်းအားကြီး ပိုင်ဆိုင်ကြပါသည်။ နေ့စဥ် ပညာဆည်းပူးရာတွင်ဖြစ်စေ နေထိုင်ရာတွင်ဖြစ်စေ သူတို့သည် စူးစမ်းလေ့လာမှုစိတ်ဓာတ် ရှိနေပါသည်။ သူတို့ဆီက လွှမ်းမိုးမှုကြောင့် ကျွန်မသည် နေရာအနှံ့ လှမ်းချီကာ စူးစမ်းလေ့လာခဲ့ပါသည်။

စိတ်ဝင်စားဖွယ်ဆိုသည်မှာ ကျွန်မသည် တရုတ်နိုင်ငံအား ချီးကျူးမှု အပေးချင်ဆုံးသော ဝေါဟာရတစ်ခု ဖြစ်ပေသည်။ တရုတ်အစားအသောက်ယဥ်ကျေးမှု စိတ်ဝင်စားဖွယ်ကောင်းလှသကဲ့သို့ ဗိသုကာသမိုင်းမှာလည်း အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ ကျွန်မသည် တရုတ်နိုင်ငံ ရောက်ပြီးနောက်ပိုင်း အထူး စိတ်ဝင်စားမိသည့် အရာတစ်ခုမှာ လမ်းကြီးလမ်းငယ်တွင် ပျံ့နှံ့လျက်ရှိနေသည့် နို့လက်ဖက်ရည်ဆိုင်များပင် ဖြစ်သည်။ တရုတ်လူငယ်များစွာသည် နို့လက်ဖက်ရည်အား ရေပန်းစားသည့် အချိုရည်အဖြစ် ပထမဦးဆုံး ရွေးချယ်ကြပါသည်။ ပုလဲနို့လက်ဖက်ရည်၊ Bubble Tea စသည့် နို့လက်ဖက်ရည်များအား ကျွန်မ အမျိုးမျိုးအဖုံဖုံ သောက်သုံးခဲ့ပါသည်။ ဒေသထူးခြားချက်အရသာပါသော တရုတ်နို့လက်ဖက်ရည်မှာ မွန်ဂိုရီးယား တိုင်းရင်းသားလူမျိုးတို့၏ နို့လက်ဖက်ရည်နှင့် တိဗက်တိုင်းရင်းသားလူမျိုးတို့၏ ထောပတ်လက်ဖက်ရည် ဖြစ်ပေသည်။ ၎င်းတို့တွင် ထူးခြားချက်များ ကိုယ်စီ ပိုင်ဆိုင်ကြပါသည်။ ထောပတ်လက်ဖက်ရည် သောက်သုံးပြီးနောက် နက်ရှိုင်းသော ဆိတ်နို့၊ နွားနို့ အမွှေးနံ့တို့ဖြင့် ပါးစပ်တွင် ပြည့်နှက်လျက်ရှိပါသည်။ တိဗက်တိုင်းရင်းသားလူမျိုးတို့သည် ထောပတ်ထည့်သောက်ကြခြင်းမှာ အရသာကို နှစ်သက်ရုံမျှမကဘဲ အစာကို အလွယ်တကူ ချေဖျက်နိုင်သည်ဟု ယုံကြည်သောကြောင့် သောက်သုံးကြခြင်း ဖြစ်သည်။

စိတ်ဝင်စားစရာများစွာအနက် နောက်တစ်ချက်မှာ တရုတ်ရိုးရာရှေးဟောင်း ဗိသုကာအဆောက်အအုံ ဖြစ်ပါသည်။ တရုတ်လူမျိုးများ၏ ရှေးခေတ်အခါက တည်ဆောက်ခဲ့သော နေအိမ်၊ အဆောက်အအုံ၊ ဘုံကျောင်း၊ နန်းတော် စသည်တို့မှာ အလွန်တရာ ခမ်းနားလှပေသည်။ ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ကို အလွန်တရာ ဖမ်းစားနိုင်စွမ်းရှိလှသည်။ ၎င်းတို့အနက် အန်းကျန်းခံတပ်ကို ကျွန်မ၏ စိတ်တွင် အလွန် သဘောကျနှစ်သက်မိသည်။ ချီကွမ့်မြို့ဟု လူသိများသော အန်းကျန်းခံတပ်သည် ဖူကျန့်ပြည်နယ်၊ စန်းမင်မြို့တော်၊ ယုံအန်းမြို့နယ်၊ ဟွိုင်နန်မြို့၊ ယန်ထိုကျေးရွာ၌ တည်ရှိသည်ဟု ရှာဖွေတွေ့ရှိရသည်။ အန်းကျန်းခံတပ်ကို မန်ချင်းမင်းဆက်ခေတ်၊ ကွမ်းရွှီဧကရာဇ်လက်ထက်၊ ကွမ်းရွှီနန်းစံသက် ၁၁ နှစ်တွင် ဒေသခံ သူဌေးကြီး ချီကျန့်ရွတ်မှ တည်ဆောက်ပေးခဲ့ပြီး ၁၄ နှစ်ကြာ တည်ဆောက်ခဲ့ရသည်ဟု သိရှိရသည်။ အန်းကျန်းခံတပ်၏ စုစုပေါင်း ဆောက်လုပ်ရေးဧရိယာ ၅၈၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အထပ်နှစ်ထပ်ပါရှိသော ဖူကျန့်ထူလုံအဆောက်အအုံ အမျိုးအစားဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ၎င်းကို တရုတ်နိုင်ငံအမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးယူနစ်အဖြစ် စာရင်းသွင်းခဲ့သည်ဟု ရှာဖွေသိရှိခဲ့ရသည်။ ခံတပ်ပိုင်ရှင်၏ ဒီဇိုင်းကို ကျွန်မ အထင်ကြီးဆုံးအချက်မှာ ယင်းအဆောက်အအုံသည် တောင်ကို ဝိုင်းရံကာ တည်ဆောက်သည့်အတွက် သုံးဖက်မြင်ခံစားချက်နှင့် ပြည့်လျှံနေခြင်းပင် ဖြစ်ပါသည်။

လက်ရှိတွင် ကျွန်မ၏ လက်ကိုင်ဖုန်းတွင် အန်းကျန်းခံတပ်နှင့် ပတ်သက်သောဓာတ်ပုံနှင့် သမိုင်းယဥ်ကျေးမှုအချက်အလက်များ သိမ်းဆည်းထားပါသည်။ အားလပ်သည့်အချိန်တွင် ကျွန်မသည် ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများနှင့်အတူ ဆွေးနွေးကြပါသည်။ “တရုတ်နိုင်ငံသည် ရိုးရာယဥ်ကျေးမှု အမွေအနှစ်များ မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်သနည်း။”အချင်းချင်း ဆွေးနွေးရာတွင် ၎င်းဆွေးနွေးချက်မှာ ကျွန်မအား ပိုမိုတွေးတောစဥ်းစားစေလာပါသည်။ မြန်မာနိုင်ငံသည် သမိုင်းရှည်လျားသော၊ တိုင်းရင်းသားများပြားသော၊ ယဥ်ကျေးမှုအမွေအနှစ် အလွန်ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်သကဲ့သို့ ဒေသသည် အမွေအနှစ်ထိန်းသိမ်းကာကွယ်ရေး အလေးထားပါသည်။ ရှေးဟောင်းဗိသုကာ ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရာတွင် မြန်မာ-တရုတ်လူငယ်များသည် ခွန်အားသစ်များ ထွန်းကားပေးစေနိုင်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ တရုတ်သူငယ်ချင်းတစ်ဦးနှင့် ချိန်းဆိုပြီး သွားရောက်လေ့လာခဲ့သော အန်းကျန်းခံတပ်၏ သမိုင်းယဥ်ကျေးမှု စူးစမ်းရှာဖွေထားမှုနှင့်အတူ သာယာလှပမှုကို ရှုစားကြပါစို့။


Chongqing Southwest University တွင် Animal Science (Veterinarian) မေဂျာဖြင့် ပညာသင်ကြားနေသော မြန်မာကျောင်းသူ ဝူရှင်ယန်
作者:西南大学动物科学专业缅籍留学生吴心妍